နေပြည်တော်  ၃၀   မေ 

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ရုံးအမှတ်(၄)၌ ကျင်းပခဲ့သော ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါးလုပ်ငန်းဆောင်ရွက်မှု အမျိုးသားအဆင့် ဌာနကြီး၏ အကြံပေးဘုတ်အဖွဲ့ Advisory Board for Exercise is Medicine (EIM) Myanmar National Center)  လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ကိုယ်လက်လှုပ်ရှား အားကစားလုပ်ငန်းများ ဆောင်ရွက်ခြင်းမှ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် (၉ ဒသမ ၅)သန်းခန့်ရှိသော ကျောင်းသား၊ ကျောင်းသူ လူငယ်များနှင့် ပြည်သူများအားလုံးတွင် ကျန်းမာသန်စွမ်းမှု ယခုထက်ပိုမိုရရှိလာကာ အားကစားစွမ်းရည်များ တိုးတက်လာရာမှတစ်ဆင့် အစွမ်းအစရှိသော အားကစားသမားကောင်းများ ပိုမိုထွက်ပေါ်လာပြီး အားကစားအောင်မြင်မှုများ ပိုမိုရရှိလာမည် ဖြစ်ပါကြောင်း။

 

“ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး” နှီးနှောဆွေးနွေးဖလှယ်ပွဲ၊ အမျိုးသားအဆင့် အားကစားဆိုင်ရာ နှီးနှောဆွေးနွေးဖလှယ်ပွဲ” နှင့် “မနက်ဖြန် တိုင်းကျန်းမာဖျတ်လတ်သော ပြည်သူများဖြစ်စေဖို့ ယနေ့ ကာယပညာမြှင့်တင်ကြပါစို့” နှီးနှောဆွေးနွေးဖလှယ်ပွဲများမှ ထွက်ပေါ်လာသော အကြံပြုချက်ရလဒ်များကို ပေါင်းစပ်၍ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ လူမှုရေးဝန်ကြီးများက ဦးဆောင်၍ တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူး၊ ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူးများနှင့် အားကစားမှူးများမှ ဦးစားပေး ဆောင်ရွက်သင့်သည်များကို ဘက်ပေါင်းစုံမှပူးပေါင်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

 

အထူးသဖြင့် အသက်အရွယ်မရွေး တစ်ဦးချင်းအလိုက် နေရာကျဉ်းတွင်ပင် လေ့ကျင့်နိုင်သည့် ကိုယ်လက်လှုပ်ရှာ းအားကစားမျိုးကို ပြည်သူများအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိလေ့ကျင့်နိုင်ရန်ကိုလည်း ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။ 

 

ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်မှု (Fitness Dance) များကိုဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများထံ နည်းပြများ စေလွှတ်သင်ကြားပေးလျက်ရှိခြင်းကိုလည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်မှုများ ပိုမိုဆောင်ရွက်သွားနိုင်ရေး ဝိုင်းဝန်းစီစဉ်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးမှ အကြံပြုရလဒ်များကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားရန်အတွက် အားလုံးဝိုင်းဝန်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး လုပ်ငန်းဆောင်ရွက်မှု အမျိုးသားအဆင့်ဌာနကြီး၏ အကြံပေးဘုတ် အဖွဲ့ဝင်၊ ကိုယ်လက်လပ်ရှား ဆေးတစ်ပါးလုပ်ငန်းဆောင်ရွက်မှု အမျိုးသားအဆင့် ကျွမ်းကျင်မှု ဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က မြန်မာနိုင်ငံတွင် ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး လုပ်ငန်းဆောင်ရွက်မှုအစပြု ပေါ်ပေါက်လာပုံကို ရှင်းလင်းတင်ပြခဲ့ပြီး အတွင်းရေးမှူး ဒေါက်တာရဲတင့်လွင်က ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါးလုပ်ငန်းဆောင်ရွက်မှု အမျိုးသားအဆင့် ဌာနကြီးနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ထားရှိမှုများနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဘုတ်အဖွဲ့ဝင်များက အကြံပြုဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

 

(သတင်းစဉ်)

 

ge 2K6A