မကွေး ၁၆ သြဂုတ်

 

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း မကွေးတိုင်းမှ ကိုယ်ဝန်ဆောင်ဦးရေ ၅၈၀၀၀ ခန့်အား နိုင်ငံတော်ဘတ်ဂျက်မှ ငွေကျပ် ၃၀၀၀၀ စီ ထောက်ပံ့သွားမည်ဖြစ်ပြီး လူမှုဝန်ထမ်းဦးစီးဌာနက မိခင်များကို စာရင်းအချက်အလက် ဖြည့်သွင်းရမည့် ငွေဗိုက် အပလီကေးရှင်းများ ဖြန့်ဝေပေးနေကြောင်း သိရသည်။

 

မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး facebook တွင် QR Code အသုံးပြု၍ ngwebike Appliction ဖြင့် စာရင်းသွင်းနည်းကို တင်ပြထားပြီး မြန်မာ့စီးပွားရေးဘဏ်အနီးရှိ လူမှုဝန်ထမ်းရုံး၌လည်း ဝန်ထမ်းများက ကူညီပေးလျက်ရှိသည်။

 

“CERP (Covid-19 Economic Release Plan) ကိုဗစ်-၁၉ စီပွားရေးကုစားမှုအစီအစဉ်အရ ကိုယ်ဝန်ဆောင်မိခင်တွေကို နိုင်ငံတော်က ထောက်ပံ့ပေးသွားမှာပါ။ သြဂုတ် ၁၁ ရက်ကနေ စက်တင်ဘာ ၁၅ ရက်အတွင်း စာရင်းသွင်းရမှာ ဖြစ်ပါတယ်” ဟု မကွေးတိုင်း လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်နန္ဒာနွယ်ဟန်က ပြောသည်။

 

ထောက်ပံ့ငွေကို ကိုယ်ပိုင်ဘဏ်စာရင်းဖြင့် ထုတ်ယူခြင်း၊ ဖုန်းစနစ်ဖြင့် ငွေလွှဲခြင်း၊ ဘဏ်တွင် ကိုယ်တိုင် ငွေသားထုတ်ယူခြင်း၊ သွားလာရန်ခက်ခဲသော ဝေးလံခေါင်ဖျားဒေသများအတွက် ငွေသားတိုက်ရိုက်ထောက်ပံ့ခြင်း စသည့် နည်းလမ်း (၄)ခုဖြင့် စီစဉ်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူး ဒေါ်နန္ဒာနွယ်ဟန်ထံက သိရသည်။

 

ဇေယျတု(မကွေး)