နေပြည်တော် ဇန်နဝါရီ ၉
မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံးအခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင် အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများအား စနစ်တကျဖျက်ဆီးခြင်းနှင့် တရားမဝင် အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများကို အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း KK Park နယ်မြေအတွင်းရှိ တရားမဝင် အဆောက်အအုံနှစ်လုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့ကြောင်း သိရသည်။
ယနေ့တွင် မြဝတီ-မဲ့ထော်သလေး (KK Park) အပိုင်း (၂) နယ်မြေအတွင်းရှိ တရားမဝင် အဆောက်အအုံ ၆၂ လုံးရှိရာ ယနေ့တွင် နောက်ဆုံးကျန်ရှိသည့် တရားမဝင် လေးထပ်အဆောက် အအုံနှစ်လုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့သည်။ သို့ဖြစ်၍ KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုသည့် အပိုင်း (၁) နယ်မြေမှ တရားမဝင်အဆောက်အအုံ ၁၄၈ လုံး၊ အပိုင်း (၂) နယ်မြေမှ တရားမဝင်အဆောက်အအုံ ၆၂ လုံးနှင့် အပိုင်း (၃) နယ်မြေမှ တရားမဝင် အဆောက်အအုံ ၄၂၅ လုံး စုစုပေါင်း ၆၃၅ လုံးတို့ကို ဖောက်ခွဲဖျက်ဆီး၍သော်လည်းကောင်း၊ ယာဉ်ယန္တရားများ အသုံးပြု၍သော်လည်းကောင်း ရာနှုန်းပြည့်ဖြိုချ ဖျက်ဆီးပြီးဖြစ်ကြောင်း သိရသည်။
ထိုသို့ ယာဉ်ယန္တရားများ အသုံးပြု၍ ဖြိုချဖျက်ဆီးခြင်းများ ဆောင်ရွက်ပြီးစီးခဲ့သည့် တရား မဝင် အဆောက်အအုံများကို အလုံးစုံပျက်စီးစေရန်အတွက် လေအိုးမီးအိုးဖြင့် ထပ်မံဖျက်ဆီးခြင်းများကိုလည်း ဒီဇင်ဘာ ၁၄ ရက် မှ စတင်ဆောင်ရွက်ခဲ့ရာ KK Park အပိုင်း (၃) နယ်မြေအတွင်းရှိ တရားမဝင် အဆောက်အအုံများအနက် ယနေ့တွင် နှစ်ထပ် အဆောက်အအုံငါးလုံးကို ထပ်မံဖျက်ဆီးနိုင်ခဲ့သဖြင့် စုစုပေါင်း တရားမဝင် အဆောက်အအုံ ၁၂၁ လုံးတို့ကို ရာခိုင်နှုန်းပြည့် ဖျက်ဆီးပြီးဖြစ်ကြောင်းနှင့် ထပ်မံဖျက်ဆီး ရန် ကျန်ရှိနေသည့် အဆောက်အအုံများကိုလည်း လေအိုးမီးအိုးများဖြင့် ဆက်လက်ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော် အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


