တနိုင်း ၂၇ သြဂုတ်
ကချင်ပြည်နယ် မြစ်ကြီနားခရိုင် တနိုင်းမြို့နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုများဖြစ်သည့် မသန်စွမ်း သူများအား ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်အဝေးခန်းမ၌ ကျင်းပခဲ့သည်။
ယင်းသို့ထောက်ပံ့ပေးအပ်ရာတွင် ကချင်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုကာကွယ်စောင့်ရှောက် ရေးအစီအစဉ်ဖြင့် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး အတွက် တနိုင်းမြို့နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုများဖြစ်သည့် မသန်စွမ်းသူ(၃၉၈)ဦးအား (၁)ဦးလျှင် ငွေကျပ် ၃၀၀၀ဝ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၁၁၉၄၀၀၀ဝ အား နိုင်ငံတော်ဘတ်ဂျတ် ရန်ပုံ ငွေမှ ထောက်ပံ့ပေးအပ်ခြင်းဖြစ်သည်။
အဆိုပါထောက်ပံ့ငွေများကို မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်အဝေးခန်းမ၌ အခမ်းအနား ကျင်းပ၍ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီး ဦးဇော်ဝင်းမှ တက်ရောက်လာသော မသန်းစွမ်းသူတစ်ဦးချင်း အားထောက်ပံ့ငွေ များပေးအပ်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်နိုင်ခြင်းမရှိသည့် မသန်စွမ်း သူများကိုယ်စားသက်ဆိုင် ရာရပ်ကွက်အုပ်ချုပ်ရေးမှူးမှ လက်ခံရယူခဲ့ကြောင်းသိရသည်။
စိုင်းထင်ကျော်(ပြန်/ဆက်)


