နေပြည်တော် ၁၄ ဇူလိုင်

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့၌ ဇူလိုင် ၁၁ ရက် ညနေပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေမြင့်တက်ခဲ့ပြီး မြေနိမ့်ပိုင်း ရပ်ကွက်များသို့ မြစ်ရေစတင်ဝင်ရောက်ခဲ့ရာ ဇူလိုင် ၁၂ ရက်တွင် မြစ်ကြီးနားမြို့၊ ကယ်ဆယ်ရေးစခန်း(၉)ခုနှင့် ဝိုင်းမော်မြို့၊ ကယ်ဆယ်ရေးစခန်း(၁)ခုသို့ စုစုပေါင်း အိမ်ထောင်စု (၁၄၂)စု၊ လူဦးရေ (၆၀၁)ဦးတို့ ခေတ္တပြောင်းရွှေ့ ခိုလှုံလျက်ရှိပြီး ဇူလိုင် ၁၃ ရက်တွင်လည်း  ရွှေကူမြို့နယ်မှ အိမ်ထောင်စု (၁၅)စု၊ လူဦးရေ (၇၀) တို့သည် ရေဘေးကယ်ဆယ်ရေးစခန်း (၃)ခုသို့ လည်းကောင်း၊ ဆင်ဘိုမြို့မှ အိမ်ထောင်စု (၄)စု၊ လူဦးရေ (၂၂)ဦးတို့သည် ဆွေမျိုးများနေအိမ်သို့ လည်းကောင်း ပြောင်းရွှေ့ခိုလှုံခဲ့ပြီး ၎င်းတို့အနက် ဝိုင်းမော်မြို့၊ ကယ်ဆယ်ရေးစခန်းမှ အိမ်ထောင်စု(၆)စု၊ လူဦးရေ(၂၂)ဦးတို့သည် ရေများကျသွားသဖြင့် ဇူလိုင် ၁၃ ရက်တွင် ၎င်းတို့၏ နေအိမ်များသို့ ပြန်သွားပြီးဖြစ်ကြောင်း သိရသည်။

 

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ရှိ ကယ်ဆယ်ရေးစခန်း(၉)ခုမှ ရေဘေးရှောင်ပြည်သူများအတွက် ဆန်ရိက္ခာဖိုး ၁၂၁၅၉၀၀ကို ယမန်နေ့က သွားရောက်ထောက်ပံ့ခဲ့ပြီး ကယ်ဆယ်ရေးစခန်းများရှိ ရေဘေးရှောင်ပြည်သူများအား ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ကြရန် အသိပညာပေး၍ အဝတ် Mask နှင့် ဆပ်ပြာတို့အား ဆက်လက်ဝေငှလျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်