နေပြည်တော် ၂ ဇူလိုင် 

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၌ ဇွန် ၂ ရက်  နံနက် ၈ နာရီခန့်တွင် တစ်သုံးလုံး၊ ရတနာကြယ်၊ ကျောက်မျက်ရွှေကြည်၊ ရတနာဆန်းရွှင်၊ ဧရာရတနာ လုပ်ကွက်ဟောင်းနေရာများ၌ မိုးရွာသွန်းမှုကြောင့် ဝှေခါလုပ်ကွက် ရေကန်အတွင်းသို့ လခူးချောင် ကျေးရွာဘက်ခြမ်း အမြင့်ပေ(၁၅၀၀)ခန့်ရှိ လုပ်ကွက်ကမ်းပါးယံပြိုကျပြီး ရေလှိုင်းလုံးများဖြစ်ပေါ် ပုတ်ခတ်သဖြင့် ရေကန်တစ်ဖက်ခြမ်း လုပ်ကွက်ကမ်းပါးယံပေါ်၌ ရေမဆေးကျောက် ရှာဖွေ တူးဖော်နေသူများ နွံလှိုင်းရိုက်ခတ်နစ်မြုပ်မှု ဖြစ်ပေါ်ခဲ့သည်။ 

 

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားသည့် နေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆောင်သည့် မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုကူညီအသင်းအဖွဲ့များ၊ ဝှေခါကျေးရွာပြည်သူများမှ နစ်မြုပ်သူများကို ရှာဖွေကယ်ဆယ်ခြင်း၊ ဒဏ်ရာရရှိသူများအား ဆေးရုံများသို့ ပို့ဆောင်ကုသခြင်းများနှင့် အခြားလိုအပ်သည်များ ပူပေါင်းညှိနှိုင်း ဆောင်ရွက်ခဲ့ရာ ညနေ ၃ နာရီအထိ သေဆုံးသူရုပ်အလောင်း (၁၂၆)လောင်း ရှာဖွေတွေ့ရှိထားပြီးကြောင်း ဒဏ်ရာရရှိသူ (၂၃)ဦးရှိကြောင်း၊ ရှာဖွေကယ်ဆယ်မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ကနဦး သိရသည်။

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် အဆိုပါဖြစ်စဉ်တွင် သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများကို ထောက်ပံ့ကူညီသွားမည်ဖြစ်ပြီး သေဆုံးသူများ မည်သူမည်ဝါဖြစ်ကြောင်းနှင့် ၎င်းတို့၏ မိသားစုဝင်များကို ဆက်သွယ်၊ စိစစ်ဆောင်ရွက်လျက်ရှိရာ အမြန်ဆုံးထောက်ပံ့သွားနိုင်ရေး ဌာနဆိုင်ရာများနှင့်အတူ ပူးပေါင်းချိတ်ဆက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

 

သတင်းစဉ်