သတင်းထုတ်ပြန်ချက်(၈/၂၀၂၀)

၁။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ကျောက်မျက်ရတနာနယ်မြေအတွင်း ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့်စပ်လျဉ်း၍ လူ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည့်အတွက် လူ့အခွင့်အရေးကော်မရှင်အနေဖြင့် လွန်စွာမှပင် ဝမ်းနည်းရသကဲ့သို့ ဖြစ်စဉ်အပေါ် အံ့သြတုန်လှုပ်ရပါသည်။ လူ့အသက် ဆုံးရှုံးရခြင်းသည် အသက်ရှင်သန်ခွင့်ဟူသည့် လူ့အခွင့်အရေး ဆုံးရှုံးရခြင်းဖြစ်ပါသည်။

၂။ ကြားသိရသည့်သတင်းများအရ အဆိုပါဝမ်းနည်းဖွယ်အဖြစ်အပျက်တွင် လူပေါင်း ၁၆၀ ကျော် အသက်ဆုံးရှုံး ခဲ့သည်ဟု သိရှိရပါသည်။ ယင်းကဲ့သို့ လူ့အသက်ပေါင်းများစွာဆုံးရှုံးခဲ့ရသည့် မြေစာပုံပြိုကျမှုဖြစ်စဉ်များသည် ယခုမှ စတင်ဖြစ်ပေါ်ခဲ့ခြင်းမဟုတ်ဘဲ ယခင်ကလည်း ပြိုကျမှုဖြစ်စဉ်များရှိခဲ့ပြီး အသက်ဆုံးရှုံးမှုများလည်း ရှိခဲ့ပါသည်။ ယခုဖြစ်စဉ်သည် အဆိုးရွားဆုံးဖြစ်သည်ဟု ဆိုရပေမည်။

၃။ ကျောက်မျက်ရတနာနယ်မြေအတွင်း မြေစာပုံများကို အမှီပြု၍ ဝမ်းစာရှာဖွေလုပ်ကိုင်နေကြသူများ အနေဖြင့် ယင်းတို့၏ဘဝရှင်သန်ရေးအတွက် အသက်ကိုအရင်းပြုကာ အန္တရာယ်များကြားမှ လှုပ်ရှားရုန်းကန် နေကြရသည်ကို ယခုဖြစ်စဉ်အရကောင်းစွာသိရှိနားလည်နိုင်ပါသည်။ အဆိုပါနယ်မြေတွင် ကျောက်မျက် တူးဖော်ရေး လုပ်ပိုင်ခွင့်ရ ရှိထားသူ ကုမ္ပဏီများအနေဖြင့် ဆယ်စုနှစ်ချီ၍ လုပ်ပိုင်ခွင့်များရရှိကာ တူးဖော် လုပ်ကိုင်နေကြပြီး ဝင်ငွေဒေါ်လာ သန်းပေါင်းများစွာရရှိနေကြသော်လည်း လူ့အခွင့်အရေးကို အလေးထားပြီး ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို ကာကွယ်ရန် ကြိုတင်ပြင်ဆင်ထားမှုများ အားနည်းသည်ကို တွေ့ရှိရပါသည်။

၄။ ကုလသမဂ္ဂစီးပွားရေးနှင့်လူ့အခွင့်အရေးဆိုင်ရာလမ်းညွှန်အခြေခံမူများ (UN Guiding Principles on Business and Human Rights, UNGPs) တွင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ လူ့အခွင့်အရေးကို အလေးထားရန် အစိုးရနှင့် စီးပွားရေးလုပ်ကိုင်သူများတွင် တာဝန်ရှိသည်ဟု တိုက်တွန်းထားပါသည်။

၅။ သို့ပါ၍ စီးပွားရေးလုပ်ငန်းများအနေဖြင့် အထိန်းအကွပ်လျော့ရဲစွာ လုပ်ကိုင်ဆောင်ရွက်နေခြင်းများကို ထိန်းသိမ်းရန်၊ စီးပွားရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် လူ့အခွင့်အရေးနှင့်ပတ်သက်သော ပြင်ဆင် လုပ်ဆောင်ရန် ရှိသည်များကို လုပ်ဆောင်ရန်၊ ယခုဖြစ်စဉ်တွင် အသက်ဆုံးရှုံးသွားရသူများနှင့် ထိခိုက်နစ်နာ သူများကိုလည်း သင့်လျော်သော ပြန်လည်ကုစားပေးမှုကို စာနာထောက်ထားစဉ်းစားပေးရန် အချိန်သင့်ပြီဟု မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ရှုမြင်ပါသည်။

၆။ မြေစာပုံပြိုကျမှုတွင် အသက်ဆုံးရှုံးသွားကြသူများအတွက် ပူဆွေးသောကရောက်နေကြသော မိသားစုများ နည်းတူ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် များစွာကြေကွဲဝမ်းနည်းရပါကြောင်း ဖော်ပြအပ်ပါသည်။

                                                                                     မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၃ ရက်