နေပြည်တော် မေ ၂

 

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်ဇော်သည် ကချင်ပြည်နယ် ပူတာအိုခရိုင် ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ယနေ့နံနက် ၉ နာရီတွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)သည် မြန်မာနိုင်ငံ ရွေးကောက်ပွဲသမိုင်းတွင် ပထမဆုံးအသုံးပြုမည့် မြန်မာနိုင်ငံမှထုတ်လုပ်သည့် မြန်မာနိုင်ငံသားများကိုယ်တိုင် တီထွင်ထားသော မဲပေးစက် ဖြစ်ကြောင်း၊ အဆိုပါ မဲပေးစက်အသုံးပြု၍ မဲပေးခြင်းဖြင့် ပယ်မဲဖြစ်ပေါ်မှုမရှိခြင်း၊ မဲရေတွက်ခြင်းအတွက် အချိန် ကြန့်ကြာမှုများ၊ ကိန်းဂဏန်းလွဲမှားမှုများကို ကျော်လွှားပြီး အချိန်တိုအတွင်း တိကျမှန်ကန်သည့်မဲရလဒ်များ ထုတ်ပြန် ဆောင်ရွက်နိုင်မည်ဖြစ်၍ ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲများကဲ့သို့ အငြင်းပွားဖွယ်ဖြစ်ရပ်များ၊ မဲမသမာမှုများ မရှိနိုင်တော့ဘဲ ပိုမိုပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲတစ်ရပ် ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်က မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့် စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ နိုင်ငံရေးပါတီများနှင့် တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိစစ်သည် ၂၂၀ ခန့်က လက်တွေ့စမ်းသပ်မဲပေးခဲ့ ကြသည်။

သတင်းစဉ်