မြစ်ကြီးနား စက်တင်ဘာ ၁၅
ကချင်ပြည်နယ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို မြို့နယ်အသီးသီးမှ ဘာသာရပ်အလိုက် ပြိုင်ပွဲဝင်ဦးရေ (၁၂၃)ဦးတို့က ပြိုင်ပွဲအမျိုးအစား (၄၀)မျိုးဖြင့် (၃)ရက်ကြာ ကျင်းပပြုလုပ်ခဲ့ရာ ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၄ ရက် မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
ဦးစွာ ကချင်ပြည်နယ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ နာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်၏ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ပြိုင်ပွဲတွင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားယှဉ်ပြိုင်ခဲ့ကြသည့် အနုပညာရှင် လူငယ်မောင်မယ်များကို ဂုဏ်ပြုချီးမြှင့်သွားမှာဖြစ်ကြောင်း၊ ပြည်နယ်အဆင့်ပြိုင်ပွဲမှ ရွေးချယ်သတ်မှတ်ခံရသူများအနေဖြင့် ဗဟိုအဆင့်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်နိုင်ရေး လုံ့လဝိရိယစိုက်ပြီး ကျွမ်းကျင်သည်ထက် ကျွမ်းကျင်အောင် ပြိုင်ပွဲဝင်ချိန်အထိ ဆက်လက်လေ့ကျင့်သွားရန်လိုအပ်ပါကြောင်း၊ ထို့အပြင် ယခုလို ခန့်ညားထယ်ဝါသည့် မြန်မာ့ရိုးရာယဉ်ကျေးမှုကို ကမ္ဘာ့အလယ်ဝင့်ထယ် ရှင်သန်အောင် မိမိတို့၏ အနုပညာဖန်တီးနိုင်စွမ်းကို အသုံးချပြီး ဆက်လက်ပြုစုပျိုးထောင်ကြရန် လိုအပ်ပါကြောင်း ဂုဏ်ပြုပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တပ်မတော်အရာရှိကြီးများက ပြည်နယ်အဆင့် ပြိုင်ပွဲတွင် (၃)ရက်တာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အသက်အရွယ်အုပ်စုအလိုက် ဘာသာရပ်အသီးသီးတွင် အဆိုပြိုင်ပွဲ၊ အကပြိုင်ပွဲနှင့် အတီးပြိုင်ပွဲများတွင် ပြိုင်ပွဲအမျိုးအစားအလိုက် ပထမဆုရရှိသော အမျိုးသား (၂၇)ဦး၊ အမျိုးသမီး (၄၀) စုစုပေါင်းပြိုင်ပွဲဝင် (၆၇)ဦးတို့နှင့် ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြသည့် အကဲဖြတ်မှတ်တင်ရေးဒိုင်အဖွဲ့၊ တိုင်းရင်းသားရိုးရာ အကအဖွဲ့များအတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြိုင်ပွဲတွင် ပထမဆုများကို ရရှိခဲ့သော ကဗျာလွတ်အကအဖွဲ့၊ အခြေခံပညာ အဆင့် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း အမျိုးသားအက၊ အဆင့်မြင့်ပညာ အမျိုးဂုဏ်၊ ဇာတိဂုဏ်(အမျိုးသမီး) အဆိုရှင်၊ ဗဟိုအဆင့်ပြိုင်ပွဲတွင် သွားရောက်ဖျော်ဖြေမည့် လာချိဒ်တိုင်းရင်းသားရိုးရာအကအဖွဲ့နှင့် ဗဟိုအဆင့်ပြိုင်ပွဲယှဉ်ပြိုင်မည့် ပြည်နယ်ကိုယ်စားပြု မွန်တိုင်းရင်းသားရိုးရာအကအဖွဲ့တို့၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ ကချင်ပြည်နယ်အဆင့်ပြိုင်ပွဲမှ ဘာသာရပ်အလိုက်၊ အသက်အုပ်စုအလိုက် ပထမဆုရရှိသည့် ပြိုင်ပွဲဝင် (၆၇)ဦးတို့အား ပြည်နယ်ကိုယ်စားပြု ဗဟိုအဆင့်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး စက်တင်ဘာ ၂၅ ရက်မှစတင်၍ ဘာသာရပ်အလိုက် ကျွမ်းကျင်ပညာရှင်များ၏ အကူအညီဖြင့် စခန်းသွင်းလေ့ကျင့် ပေးသွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီထံမှ သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)