မြစ်ကြီးနား ဩဂုတ် ၁၇

 

ကချင်ပြည်နယ်အတွင်း စားသုံးဆီဖူလုံစေရေး ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဆီထွက်သီးနှံဧက တစ်သိန်း တစ်သောင်း ငါးထောင် (၁၁၅၀၀၀) ကျော် စိုက်ပျိုးရန်လျာထား စိုက်ပျိုးခဲ့ရာ မိုးသီးနှံအဖြစ် ဧက နှစ်ထောင် ကိုးရာ (၂၉၀၀) ကျော် စိုက်ပျိုးနိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် ဆောင်းသီးနှံစိုက်ပျိုးချိန်တွင် လျာထားချက်ထက် ကျော်လွန်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးအောင်လွင်ဦးထံမှ သိရှိရသည်။

 

ကချင်ပြည်နယ်အတွင်း ဆီထွက်သီးနှံစိုက်ပျိုးသည့် ဒေသခံတောင်သူများအား မျိုးကောင်း မျိုးသန့်ရရှိရေးနှင့် မြေဩဇာများ ကူညီထောက်ပံ့ပေးခြင်း၊ စိုက်ပျိုးရေးနှင့်ပတ်သတ်သည့် အသိပညာပေးလုပ်ငန်းများကို ဒေသ အလိုက် ခရိုင်၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

ကချင်ပြည်နယ်တွင် ဆီထွက်သီးနှံဖြစ်သည့် ဆီမုန်ညှင်း၊ မြေပဲ၊ နှမ်း၊ ပန်းနှမ်းနှင့် နေကြာတို့ကို အဓိကထား စိုက်ပျိုးလျက်ရှိရာ ယခုနှစ်နောက်ပိုင်းတွင် နှစ်အလိုက် ဆီထွက်နှုန်းကောင်းပြီး ကုန်ကျစရိတ်သက်သာသည့် နေကြာသီးနှံကို စိတ်ဝင်စားစွာတိုးချဲ့ စိုက်ပျိုးလာကြကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ် ဦးစီးမှူး ဦးအောင်လွင်ဦးက ပြောကြားသည်။

ယော်ဆောင်(ပြန်/ဆက်)