မြစ်ကြီးနား ၁၁ ဇွန်
ကချင်ပြည်နယ်အတွင်း ခရီးသည်တင်ပြေးဆွဲလျက်ရှိသော လိုင်စင်မဲ့မော်တော်ယာဉ်များအား ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် ရှောင်တစ်ခင်စစ်ဆေးပြီး ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့နံနက်ပိုင်းတွင် ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ဒုတိယအကြိမ် ပြည်နယ်လွှတ်တော်အစည်းအဝေး သတ္တမနေ့တွင် ပြည်နယ်ဝန်ကြီးက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
ခရီးသည်တင် လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် ပတ်သက်ပြီး မိုးမောက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းက “ခရီးသည်တင်ပြေးဆွဲနေတဲ့ တရားမဝင် မော်တော် ယာဉ်များကို ထိုက်သင့်သော အခွန်အခများ ပေးဆောင်စေပြီး ပြည်နယ်အတွင်းပြေးဆွဲနိုင်တဲ့ လိုင်စင်လုပ်ပေးရင် လာဘ်ပေးလာဘ်ယူကိစ္စတွေ ကင်းရှင်းမယ်၊ နိုင်ငံတော်အစိုးရအတွက်လည်း အခွန်ရမယ်၊ တရားမဝင် တင်သွင်းနေတဲ့ ပစ္စည်းတွေကို ပြစ်ထားပြီးတော့မှ ပိုင်ရှင်မဲ့ဆိုတဲ့ ပြဿနာလည်း ကင်းသွားမယ်၊ ဥပဒေကိုလေးစားလိုက်နာတဲ့ အကျင့်ကောင်းတွေ ဖြစ်လာမှာဖြစ်တဲ့အတွက် လိုင်စင်မဲ့ကားများ ခရီးသည်တင်ပြေးဆွဲနေခြင်းအပေါ် လိုင်စင်ရှိအသင်းအဖွဲ့ ယာဉ်လိုင်းများနှင့် မော်တော်ယာဉ်များ နစ်နာမှုများရှိနေခြင်းကြောင့် လိုင်စင်မဲ့မော်တော်ယာဉ်များ အထိန်းအကွပ်မဲ့ ခရီးသည်တင်ပြေးဆွဲနေခြင်းအပေါ် အစိုးရအဖွဲ့မှ မည်သို့စီမံချက်များချမှတ်၍ အကောင်အထည်ဖော် ဆောင်မည်ကို သိရှိလိုကြောင်း ကြယ်ပွင့်ပြမေးခွန်းဖြင့် လွှတ်တော်ဥက္ကဋ္ဌမှ တစ်ဆင့်မေးမြန်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှု ဝန်ကြီး ဦးဝင်းညွန့်က “ကချင်ပြည်နယ်အတွင်း တရားဝင်ပြေးဆွဲလျက်ရှိသော မော်တော်ယာဉ်လိုင်းများ နစ်နာမှု မရှိစေရေးအတွက် လိုင်စင်မဲ့မော်တော်ယာဉ်များဖြင့် ခရီးသည် ပို့ဆောင်ပြေးဆွဲခြင်း မရှိစေရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကညန၊ လုပ်ငန်းလိုင်စင်ဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြို့နယ်ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များ ကြီးကြပ်ရေးအဖွဲ့တို့မှ ပူးပေါင်း၍ ရှောင်တစ်ခင် စစ်ဆေးခြင်းများဖြင့် ထိရောက်စွာ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း” ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ကချင်ပြည်နယ်အတွင်း ပြေးဆွဲလျက်ရှိတဲ့ မော်တော်ယာဉ်အသင်းများ စနစ်တကျရှိစေ ရေးအတွက် ကချင်ပြည်နယ် ပုဂ္ဂလိကပိုင်မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲရေး ဥပဒေ၊ နည်းဥပဒေ ကို ၂၀၁၂ ခုနှစ်တွင် ကချင်ပြည်နယ်လွှတ်တော်မှ အတည်ပြုပြဌာန်းပေးခဲ့ပြီးဖြစ်ကြောင်း၊ မော်တော် ယာဉ်အသင်းများကို စနစ်တကျကြီးကြပ်နိုင်ရေးအတွက် ခရိုင်၊မြို့နယ် ပုဂ္ဂလိကပိုင် မော်တော်ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီများကို စနစ်ကျဖွဲ့စည်းပြီး တရားဝင်ပြေးဆွဲလျက်ရှိသည့် မော်တော်ယာဉ်များကို စနစ်တကျမှတ်ပုံတင်ခြင်း၊ ကြီးကြပ်ခြင်း၊ အသိပညာပေးခြင်း၊ သတိပေးခြင်း၊ ဒဏ်ရိုက်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်းကိုလည်း ရှင်းလင်းဖြေကြားခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် လွှတ်တော်ကိုယ်စားလှယ် ၄၁ ဦးတက်ရောက်ခဲ့ကြပြီး ကြယ်ပွင့်ပြမေးခွန်း (၁၃)ခုကို မေးမြန်းဖြေကြားခြင်း၊ ပြည်နယ်လွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ငွေစာရင်းဆိုင်ရာကော်မတီက “ကချင်ပြည်နယ်သတ္တုအသေးစားနှင့် လက်လုပ်လက်စားဥပဒေကြမ်း”ကို တင်သွင်းခဲ့ကြောင်းနှင့် ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်ပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။
မျိုးမြင့်စိုး(ပြည်နယ်ပြန်/ဆက်)