မြစ်ကြီးနား ၈ စက်တင်ဘာ
ကချင်ပြည်နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြု လုပ်နိုင်ရေးအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ကြေညာခဲ့မှုအပြီးတွင် ပုံစံ(၃)ဖြင့် တောင်း ဆိုသူ ၊ ပုံစံ (၄)ဖြင့် ပယ်ဖျက်သူ၊ ပုံစံ (၄-ဂ)ဖြင့် ပြင်ဆင်သူ မဲဆန္ဒရှင်ဦးရေ (၇) သောင်း ကျော်ရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရှိရသည်။
ကချင်ပြည်နယ်အတွင်း ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကို ဇူလိုင် ၂၅ ရက်မှ သြဂုတ်လကုန်အထိ ခရိုင်/ မြို့နယ်နှင့် ရပ်ကျေးကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲပေးပိုင်ခွင့်ရှိသူဦးရေ (၁၀၈၅၀၈၁) ဦးတို့၏ စာရင်းကို ထုတ်ပြန် ကြေညာခဲ့ရာ မဲဆန္ဒရှင်အရေအတွက် (၃၈၆၃၄၄)ဦး လာရောက်ကြည့်ရှုခဲ့ကြပြီး ပုံစံ(၃)ဖြင့် တောင်းဆိုသူ (၃၂၅၈၉)ဦး၊ ပုံစံ (၄)ဖြင့် ပယ်ဖျက်သူ (၁၈၄၅၆)ဦးနှင့် ပုံစံ (၄-ဂ)ဖြင့် (၂၂၀ဝ၆) ဦးဖြင့် မဲဆန္ဒရှင်ဦးရေစုစုပေါင်း (၇၃၀၅၁)ဦးတို့က ပြင်ဆင်/တောင်းဆို/ပယ်ဖျက်ခြင်းတို့ ဆောင်ရွက်ခဲ့ သဖြင့် လိုအပ်ချက်များနှင့် ပတ်သက်၍ စိစစ်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအနေဖြင့် ၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက် ပွဲတွင် မဲရုံပေါင်း (၈၁၃)ရုံဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သော်လည်း လာမည့် ရွေးကောက်ပွဲတွင် သတ်မှတ် မဲဆန္ဒရှင် အရေအတွက်နှင့် မဲဆန္ဒရှင်အင်အားကျော်လွန်လာခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲဝေးကွာသည့် နေရာများတွင် မဲရုံခွဲဆောင်ရွက်ရန် လိုအပ်လာခြင်းတို့အပြင် ပြည်နယ်အတွင်းရှိ တစ်ချို့ မြို့နယ်များရှိ ကျေးရွာအုပ်စုများတွင်လည်း နယ်မြေလုံခြုံရေးအရ ပြန်လည်ကောင်းမွန်လာခြင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါအခြေအနေ ပေါ်ပေါက်လာခြင်းတို့ကြောင့် ပထမအကြိမ် မဲစာရင်း ထုတ်ပြန် ကြေညာချိန်တွင် မဲရုံပေါင်း (၈၉၀)ဖြင့် ကြေညာခဲ့သော်လည်း မဲရုံများထပ်မံတိုးချဲ့ရန် လျာထား ဆောင်ရွက်လျက် ရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ထံမှ သိရှိရသည်။
မျိုးမြင့်စိုး(ပြည်နယ်ပြန်/ဆက်)


