မြစ်ကြီးနား ၃ နိုဝင်ဘာ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ကချင်ပြည်နယ် တာဝန်ခံတို့သည် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းကိစ္စရပ်များနှင့် ပတ်သက်၍ နိုဝင်ဘာ ၂ ရက် နံနက် ၉ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မလိခခန်းမ၌ တွေ့ဆုံကြသည်။

 

တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြည်နယ်အတွင်း ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်နှင့် အတတ်နိုင်ဆုံး ဖြည့်ဆည်း ဆောင်ရွက် ပေးလျက်ရှိပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့အနေဖြင့် လိုအပ်သည်များကို ဖြည့်စွက်၍ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးနိုင်ရေး ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ကချင်ပြည်နယ်တာဝန်ခံ ဦးဆွေတင့်လွင်နှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့နှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးတို့က ကချင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့် အခြေအနေများနှင့် ပတ်သက်၍ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ စီစဉ်ဆောင်ရွက် ထားရှိမှု၊ မဲရုံသုံးပစ္စည်းများ ဖြန့်ဝေရရှိမှုနှင့် မဲရုံဝန်ထမ်းများ ဖြည့်ဆည်း ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဝေးလံခက်ခဲသည့် ဒေသများအတွက် မဲရုံဝန်ထမ်းများ၊ မဲရုံသုံးပစ္စည်းများ ဖြန့်ဝေဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မှု၊ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ လက်ခံရရှိမှုနှင့် ဖြန့်ဝေပေးနိုင်မှု၊ ကြိုတင်မဲများ လက်ခံဆောင်ရွက်နေမှု အခြေအနေများကို ပေါင်းစပ်ညှိနှိုင်းဆေွးနွေး ကြသည်။

 

ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်၊ ကချင်ပြည်နယ်တာဝန်ခံ ဦးဆွေတင့်လွင်က ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ် ပြီးစီးရေးအတွက် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်၍ အားဖြည့်ကူညီ ဆောင်ရွက်ပေးနိုင်ရေး ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ကချင်ပြည်နယ်ကော်မရှင်အဖွဲ့ခွဲ၊ အတွင်းရေးမှူးနှင့် မြစ်ကြီးနားခရိုင်ကော်မရှင် အတွင်းရေးမှူးတို့က ပြည်နယ်အတွင်း ရွေးကောက်ပွဲကျင်းပပြုလုပ်မည့် အခြေအနေများနှင့်ပတ်သက်၍ ပြည်နယ်နှင့် မြစ်ကြီးနားခရိုင်အတွင်း ရွေးကောက်ပွဲအတွက် စီစဉ်ဆောင်ရွက်နေမှုများ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြကြရာ ကချင်ပြည်နယ်တာဝန်ခံက ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လိုအပ်ချက်များနှင့် ပတ်သက်၍ မေးမြန်းညှိနှိုင်း၍ ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

 

ကချင်ပြည်နယ်အတွင်း ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်မဲဆန္ဒနယ် အသီးသီးအတွက် နိုင်ငံရေးပါတီနှင့် တစ်သီးပုဂ္ဂလပေါင်း (၁၈) ခုမှ ကိုယ်စားလှယ်လောင်း ၄၁၀ ဝင်ရောက် ယှဉ်ပြိုင်သွားကြမည်ဖြစ်ပြီး မဲဆန္ဒရှင်ဦးရေမှာ ဒုတိယအကြိမ် မဲစာရင်းကြေညာချိန်ထိ စုစုပေါင်း (၁၀၉၆၇၀၁) ဦးရှိကာ မဲရုံပေါင်း (၉၁၉) ရုံတွင် မဲရုံတာဝန်ကျဝန်ထမ်းပေါင်း ၁၇၂၆၄ ဦးဖြင့် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ် ရွေးကောက်ပွဲအကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ပြည်နယ် (ပြန်/ဆက်)