မြစ်ကြီးနား ၈ စက်တင်ဘာ
ကချင်ပြည်နယ်အတွင်း ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို စက်တင်ဘာ ၇ ရက်နေ့တွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခ ခန်းမ၌ ကျင်းပပြုလုပ်သည်။
ညှိနှိုင်းဆွေးနွေးပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။
ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြည်နယ်ဖွံ့ဖြိုးတိုးတက် ရေးအတွက် (၄)နှစ်တာကာလအတွင်း ရည်မှန်းချက်၊ မျှော်မှန်းချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာတွင် ဌာနဆိုင်ရာများ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းအသီးသီးမှ ကြိုးပမ်းဆောင် ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍ အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့မှုများနှင့် အားနည်းချက်များ ဖြစ်ပေါ်ခဲ့မှုအခြေ အနေများအပေါ် လိုအပ်ချက်များကို သုံးသပ်မှာကြားခဲ့ပြီး လာမည့်ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်၊ ခရိုင်၊ မြို့နယ်များနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အားလုံးက ပူး ပေါင်းဆောင်ရွက်ကြရေး၊ ရွေးကောက်ပွဲ မစခင်၊ ရွေးကောက်ပွဲအတွင်းနှင့် ရွေးကောက်ပွဲပြီးစီးသည်အထိ အငြင်းအခုန်ပြဿနာများ နည်းနိုင်သမျှနည်းအောင် ရပ်ကျေးအဆင့်ဆင့်မှစ၍ သက်ဆိုင်ရာတာဝန်ရှိသူ များအားလုံးက ဥပဒေနှင့်အညီ ကြပ်မတ်ညှိနှိုင်းဆောင်ရွက်ပေးကြရေးနှင့် ရွေးကောက်ပွဲကျင်းပနိုင်ရေး တရားမျှတပြီး ပြဿနာနည်းနိုင်သမျှနည်းအောင် ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရာတွင် မျှမျှတတ ဖြင့် အားလုံးက ဝိုင်းဝန်းအကြံပြု ညှိနှိုင်းဆောင်ရွက်ပေးကြရေး အကြံပြု တိုက်တွန်းပြောကြားသည်။
ယင်းနောက် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါ်မေရီမီနန်က ရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲစာရင်းထုတ်ပြန်ကြေညာခြင်းအပေါ် တောင်းဆိုမှု အခြေအနေများ၊ ဒုတိယအကြိမ် မဲစာရင်းထုတ်ပြန်ကြေညာမည့် အစီအစဉ်များ၊ မဲရုံများဖွင့်လှစ်ရန် လျာထားဆောင်ရွက်မှုအခြေအနေနှင့် ဆက်သွယ်မှုခက်ခဲသော မဲရုံများအတွက် လိုအပ်သည့် ညှိနှိုင်းမှုများ ဆောင်ရွက်ပေးရေး၊ မဲရုံအဖွဲ့ဝင်များ လိုအပ်သောအင်အားအခြေအနေများနှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းပေးနိုင်ရေး ရှင်းလင်းတင်ပြပြီး ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ပြည်နယ်ရဲမှူးကြီးဉာဏ်မြင့်ကေျာ်က ရွေးကောက်ပွဲကာလအတွင်း လုံခြုံ ရေးဆောင်ရွက်သွားမည့် အပိုင်းများနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်အတွင်းရှိ ခရိုင် (၄)ခရိုင်အလိုက် မြို့နယ်အုပ်ချုပ်ရေးမှူးများက ရွေးကောက် ပွဲကျင်းပရေး မဲဆန္ဒရှင်စာရင်း၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် မဲရုံများ စီမံဆောင်ရွက်ထားရှိမှုအခြေ အနေများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေ တင်ပြမှုများ အပေါ် ခရိုင်အုပ်ချုပ်ရေးမှူးများက ထပ်ဆင့်ဖြည့်စွက် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြမှုအပေါ် လိုအပ်သည်များ ကို ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်တို့နှင့် တရားလွှတ်တော် တရားသူကြီးချုပ်တို့က ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရမည့် အပိုင်းများနှင့် ပတ်သက်ပြီး ဖြည့်စွက်ရှင်းလင်း ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ရွေးကောက်ပွဲကျင်းပနိုင်ရေး ကော်မရှင်အဖွဲ့ခွဲ၏ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်ချက်များအပေါ် တာဝန်ရှိသူများနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ပြည်နယ်ပြန်/ဆက်


