မြစ်ကြီးနား ၈ အောက်တိုဘာ
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်အတွင်းရှိ ဆေးရုံများမှ ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ကုသရေးဌာနသို့ ဒုတိယအသုတ်ဖြစ် သူနာပြုဆရာ/ ဆရာမ ၂၁ ဦး သွားရောက်အားဖြည့် တာဝန်ထမ်းဆောင်ကြမည်ဖြစ်ရာ ယနေ့ မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့မှ မော်တော်ယာဉ်ဖြင့် ထွက်ခွာသွားကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးသို့ သွားရောက်အားဖြည့်တာဝန်ထမ်းဆောင်ကြမည့် သူနာပြုဆရာ/ ဆရာမ ၂၁ ဦး အား ပြည်နယ်လူမှုရေးဝန်ကြီး ဦးနေဝင်းက ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ငွေကျပ် ၁၀ သိန်းခွဲနှင့် ပြည်နယ်ပြည်သူ့ကျန်းမာ/ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးသိန်းက ငွေကျပ် နှစ်သိန်းတစ်သောင်း ထောက်ပံ့ပေးအပ်ခဲ့ကြပြီး သူနာပြုဆရာ/ဆရာမများအား ပြည်နယ်ဝန်ကြီး၊ ပြည်နယ်ပြည်သူ့ကျန်းမာ/ ကုသရေးဦးစီးဌာနမှူး၊ ဆေးရုံအုပ်ကြီး ဒေါက်တာတင်လှနှင့် တာဝန်ရှိ သူများက အားပေးနှုတ်ဆက်ကြသည်။
သွားရောက် အားဖြည့်တာဝန် ထမ်းဆောင်ပေးကြမည့် သူနာပြုဆရာ/ဆရာမများမှာ မြစ်ကြီးနားပြည်သူ့ဆေးရုံမှ ၇ ဦး၊ မြစ်ကြီးနား မူးယစ်ဆေးစွဲရောဂါကုဆေးရုံမှ ၁ ဦး၊ တနိုင်းမြို့နယ်ပြည်သူ့ဆေးရုံမှ ၁ ဦး၊ ဝိုင်းမော်မြို့နယ် ဆဒုံးတိုက်နယ်ဆေးရုံမှ ၂ ဦးနှင့် ဗန်းမော်ပြည်သူ့ဆေးရုံမှ (၁၀)ဦး စုစုပေါင်း ၂၁ ဦး ဖြစ်သည်။
မျိုးမြင့်စိုး(ပြန်/ဆက်)


