နေပြည်တော် ၁၁ ဇွန်
ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့၏(၂/၂၀၁၉) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံးအစည်အဝေးခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် လုပ်ငန်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဒုတိယဝန်ကြီးက နေရပ်စွန့်ခွာရသူများအား ပြန်လည်နေရာချထားရေး အကောင်အထည်ဖော်မည့် အစီအစဉ်နှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းခြင်း၊ ဘဏ္ဍာငွေ ထောက်ပံ့ဆောင်ရွက်ပေးရမည့် လုပ်ငန်းစဉ်များဖြစ်ကြသော IDPs မိသားစုများအား စားနပ်ရိက္ခာထောက်ပံ့ပေးခြင်း၊ နေအိမ်ဆောက်လုပ်ပေးခြင်း၊ မီးရရှိရေးဆောင်ရွက်ပေးခြင်း၊ စိုက်ပျိုးမြေဖော်ထုတ်ပေးမှုနှင့် သီးနှံစိုက်ပျိုးစရိတ် ထုတ်ပေးခြင်း၊ ပညာရေး ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးခြင်းနှင့် လူမှုရေးလုပ်ငန်းဆောင်ရွက်ပေးခြင်းတို့အတွက် ဘဏ္ဍာငွေရရှိရေးကိစ္စရပ်များနှင့် လုပ်ငန်းစီမံချက်အတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရန် ပြောကြားသည်။
အစည်းအဝေးတက်ရောက်သူများက ကချင်ပြည်အစိုးရအဖွဲ့မှ ရေးသားပြုစု ထားသည့် ကချင်ပြည်နယ်အတွင်း နေရပ်စွန့်ရသူများ (IDPs) အတွက် မူလနေရပ်သို့ ပြန်လည်နေရာချထားရေး လုပ်ငန်းစီမံချက်အပေါ် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြသည်။ ယခုလကုန်ပိုင်းတွင် ကချင်ပြည်နယ်တိုက်ပွဲရှောင်ပြည်သူများအား ကူညီစောင့် ရှောက်ရေးကော်မတီ (KHCC) နှင့် ထပ်မံတွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)