နေပြည်တော်၊ အောက်တိုဘာ   ၂၀

 

တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတတိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်များအတိုင်း အလေးထားလိုက်နာ ဆောင်ရွက်လျက်ရှိပြီး NCA (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကြီးကိုလည်း အနှစ်သာရရှိစွာ နိုင်ငံတော်အဆင့် အောင်မြင်စွာ ကျင်းပဆောင်ရွက်ခဲ့သည်။

 

ထိုသို့ တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် အစဉ်တစ်စိုက် ကြိုးပမ်းဆောင်ရွက် လျက်ရှိသော်လည်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေလိုသော ရည်ရွယ်ချက်များဖြင့် KIA တပ်မဟာ (၆) လက်အောက်ခံတပ်ဖွဲ့များနှင့် ပူးပေါင်းအဖွဲ့များက အောက်တိုဘာ ၁၉ ရက် နံနက် ၆ နာရီခွဲခန့်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်ခရိုင် မုံးကိုးမြို့၏ အနောက်တောင်ဘက် ၁၀ မိုင်ခန့်အကွာရှိ တပ်မတော်မှ နယ်မြေထိန်းလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် နမ့်ကွတ်စခန်းအား နေရာသုံးနေရာမှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

 

ထိုသို့ တိုက်ခိုက်လာရာစခန်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များက မဆုတ်မနစ် ပြန်လည်ခုခံ တိုက်ခိုက်ခဲ့သော်လည်း သောင်းကျန်းသူအင်အား များပြားလာမှုကြောင့် စစ်ကူစစ်ကြောင်းများ မရောက်မီ ညနေ ၄ နာရီခွဲခန့်တွင် စခန်းမှခေတ္တဆုတ်ခွာခဲ့ပြီး စစ်ကူစစ်ကြောင်းများဖြင့် ပြန်လည်ပူးပေါင်းလျက် စခန်းနေရာအား ပြန်လည်သိမ်းပိုက်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ တိုက်ခိုက်လာမှုကြောင့် တပ်မတော် စစ်ကြောင်းများကလည်း KIA တပ်မဟာ (၆) နေရာ အား လေကြောင်းပစ်ကူ၊ အမြောက်ပစ်ကူတို့ဖြင့် တန်ပြန်တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ရာ KIA အဖွဲ့၏ ကာကင်းနေရာ တစ်ခုအား KIA တပ်ဖွဲ့ဝင်အလောင်း အချို့နှင့်အတူ သိမ်းဆည်းရရှိခဲ့ပြီး လုံခြုံရေးလုပ်ငန်း များ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် KIA ဌာနချုပ်လိုင်ဇာ၏ ရှေ့ကာနေရာဖြစ်သော မိုက်ဆာပါတွင် အခြေပြုလျက်ရှိသည့် KIA အဖွဲ့များက ဝိုင်းမော်မြို့နယ် နန်ဆန်ယန်ရွာအနီးရှိ တပ်မတော်မှ ဗန်းမော်-ဝိုင်းမော် ကားလမ်းထိန်းစခန်း အဖြစ် ဆောင်ရွက်လျက်ရှိသည့် လဲလုံစခန်းအား ၂၀၂၃ ခုနှစ် ဇူလိုင် ၈ ရက်မှစ၍ အောက်တိုဘာ ၂၀ ရက်အထိ (၈၁) ကြိမ်တိုင် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သော်လည်း စခန်းရှိ လုံခြုံရေး တပ်ဖွဲ့ဝင်များက အမြောက်နှင့် လေကြောင်းပစ်ကူရယူ၍ ရွပ်ရွပ်ချွံချွံ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာမှ ယနေ့ အောက်တိုဘာ ၂၀ ရက် မွန်းလွဲ ၃ နာရီခန့်တွင် သောင်းကျန်းသူအင်အား များပြားလာသည့်အတွက် စခန်းမှ ခေတ္တဆုတ်ခွာပေးလိုက်ရကြောင်း သိရှိရပြီး စစ်ကူစစ်ကြောင်းများဖြင့် ပူးပေါင်းလျက် အဆိုပါ စခန်းအား အမြန်ဆုံးပြန်လည်သိမ်းပိုက်ရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်