ပူတာအို ဧပြီ ၁၀
ကချင်ပြည်နယ်အစိုးရအဖွဲ့၀င် ပြည်နယ်သယံဇာတရေးရာ၀န်ကြီးဦးတိန့်ဆောင်သည် တာ၀န်ရှိသူများ နှင့်အတူ ပူတာအိုခရိုင်အတွင်း ပူတာအိုနှင့် မချမ်းဘော့မြို့နယ်များရှိ ရပ်ကွက်/ကျေးရွာများသို့ ဖြန့်ဖြူးပေးလျက် ရှိသော ၃.၂ မဂ္ဂါ၀ပ်ရှိ အထက်နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံမှ ဓါတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေများကို ဧပြီ ၉ ရက် နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးသည် အထက်နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံ၌ စက်ရုံမှူးလက်ထောက် အင်ဂျင်နီယာဦးတေဇာလင်း၏ အထက်နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံမှ ဓါတ်အားထုတ်လုပ်မှုအခြေအနေများ၊ လုပ်ငန်းလိုအပ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြမှုများကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ရေထိန်းကန်နှင့် ပင်မစက်ရုံလည်ပတ်မှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်၀န်ကြီးသည် ခရိုင်ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ၀န်ထမ်းများနှင့်တွေ့ဆုံကာ သယံဇာတနှင့်သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး၀န်ကြီးဌာနသည် ကြီးကျယ် ခမ်းနားပြီး အရေးကြီးသည့်အခန်းကဏ္ဍတစ်ခုတွင် ပါ၀င်သည့်၀န်ကြီးဌာနတစ်ခု ဖြစ်ပါကြောင်း၊ ၀န်ထမ်းများ အနေဖြင့် နိုင်ငံတော်မှ ချမှတ်ထားသည့်ရှေ့လုပ်ငန်းစဉ်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပေးရမှာ ဖြစ်ပါကြောင်း၊ ဌာန၏လုပ်ငန်းများကိုတက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်စေလိုကြောင်းပြောကြားပြီး ခရိုင် ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးတူးခေါင်က ဦးစီးဌာန၏လုပ်ငန်း ဆောင်ရွက်ချက်များနှင့် လုပ်ငန်းလိုအပ်ချက်များအား ရှင်းလင်းတင်ပြရာ ပြည်နယ်၀န်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ထိုမှတဆင့် ပြည်နယ်၀န်ကြီးနှင့်တာ၀န်ရှိသူများသည် ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ၄၇၉.၆၈၀ သန်းဖြင့် ပူတာအို-လယ်မယ်ဝါချီ-နမ်ရှယ်ကော့ ပူတာအိုလွင်ပြင်ပတ်လမ်းအတွင်း ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ အားကြည့်ရှုစစ်ဆေးပြီး ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ခရိုင်ဦးစီးမှူးဦး၀င်းသန့်အောင်နှင့်တာ၀န်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် လုပ်ငန်းဆောင်ရွက်ရန် ကျန်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြမှုကို လုပ်ငန်းများသတ်မှတ်ချိန်အမီပြီးစီး အောင်ဆောင်ရွက်ရေး မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်၀န်ကြီးသည် ပူတာအိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ၀န်ထမ်းများ၊ စည်ပင်သာယာရေးကော်မတီများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးတင်ကိုလွင်၊ တာဝန်ရှိသူများနှင့် မြို့နယ်အတွင်းစည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများနှင့် လုပ်ငန်းလိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်၀န်ကြီးသည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာအစည်းအဝေး ခန်းမတွင် ပူတာအိုမြို့နယ်အတွင်း စက်သုံးဆီအရောင်းဆိုင် ဖွင့်လှစ်ထားသည့်လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဒေသအတွင်း စက်သုံးဆီဈေးနှုန်းကြီးမြင့်မှုမဖြစ်ပေါ်စေရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် လုံလောက်သောစက်သုံး ဆီဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် လိုအပ်ချက်များနှင့် စပ်လျဉ်း၍ ညှိနှုင်း ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်၀န်ကြီးသည် ပူတာအိုမြို့ ခါကာဘိုအမျိုးသားဥယျာဉ်အတွင်း ခါကာဘိုရာဇီ ဇီ၀မျိုးစုံ မျိုးကွဲသုတေသနစခန်းနှင့် ဇီ၀မျိုးစုံမျိုးကွဲထိန်းသိမ်း ရေးပညာပေးပြခန်းသို့ သွားရောက်ပြီး ပြခန်းအတွင်းပြသ ထားသည့်ဌက်မျိုးစိတ်၊ ငါးမျိုးစိတ်၊ လိပ်ပြာမျိုးစိတ်၊ ပန်းမျိုးစိတ်နှင့် တောရိုင်းတိရိစ္ဆာန်မျိုးစိတ်များဖြင့် ပြသထားရှိမှုများနှင့်စပ်လျဉ်း၍ ခါကာဘိုအမျိုးဉယျာဉ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်စိုးနှင့်၀န်ထမ်းများက လိုက်လံ ရှင်းလင်းပြသမှု ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်(ပူတာအို)