မြစ်ကြီးနား ၂၁ အောက်တိုဘာ
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ ကြိုတင်ပြင်ဆင်၍ သရုပ်ပြမဲပေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ မဲရုံအမှတ် (၁၁)ဖွင့်လှစ်သည့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အေးမြသီတာခန်းမ၌ ပြုလုပ်ကျင်းပသည်။
သရုပ်ပြမဲပေးခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါ်မေရီမီနန်နှင့် ခရိုင်၊ မြို့နယ်၊ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းလမ်းညွှန်းချက်များနှင့်အညီ မဲရုံဝန်ထမ်းများအတွက် ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးမည့်အခြေအနေ၊ မဲရုံအခင်းအကျင်း ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် မဲဆန္ဒရှင်ဦးရေအခြေအနေတို့ကို ရှင်းလင်းတင်ပြကြသည်။
ကြိုတင်သရုပ်ပြအစီအစဉ်တွင် မဲရုံပြင်ပတွင် မဲပေးမည့် ပြည်သူများအား Social Distancing နှင့်အညီ နေရာသတ်မှတ်ထားရှိမှုနှင့် လက်ဆေးဘေစင်များထားရှိမှု၊ နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်စေရန် ဆော်သြမှု၊ အပူချိန်တိုင်းခြင်းလုပ်ငန်းများနှင့် မဲရုံအတွင်း မဲရုံမှူး၊ ဒုမဲရုံမှူး၊ လေ့လာသူများ၊ ကိုယ်စားလှယ်များနှင့် လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်လောင်းများအတွက် မဲပေးမည့်နေရာများတွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရှိပြီး မဲရုံတာဝန်ကျဝန်ထမ်းများ၏ အကူအညီဖြင့် လက်သန်းမင်တို့ပြီးချိန်အထိ မဲပေးပုံလုပ်ငန်းအဆင့်ဆင့်နှင့် မဲစာရင်းရေတွက်ခြင်းနှင့် စာရင်းသွင်းခြင်းလုပ်ငန်းတို့ကို ကော်မရှင်အဖွဲ့ဝင်များ၊ မဲရုံဝန်ထမ်းများ၊ ဌာနဆိုင်ရာများက လက်တွေ့သရုပ်ပြသခဲ့ကြသည်။
သရုပ်ပြမဲပေးမှုအစီအစဉ်များကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာမဲပေးနိုင်ရေး မဲရုံများကို ကြိုတင်ပြင်ဆင်ထားမှုများအတိုင်း စနစ်တကျဖြင့် စီစဉ်ဆောင်ရွက်ကြရေး၊ ရွေးကောက်ပွဲဥပဒေနှင့်အညီ ဆောင်ရွက်သွားကြရေး၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များအတိုင်း သတ်မှတ်ချိန်အတွင်း မဲဆန္ဒရှင်များ အောင်မြင်စွာမဲပေးနိုင်ရေး လိုအပ်သည်များကို ပြည်နယ်ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မဲရုံဝန်ထမ်းများအား မှာကြားခဲ့သည်။
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်အတွင်း မဲရုံပေါင်း (၉၁၈)ရုံဖြင့် လျာထားကျင်းပမည်ဖြစ်ပြီး နောက်ဆုံအကြိမ် မဲဆန္ဒရှင်စာရင်းတွင် (၁၀၉၆၇၀၁) ဦးဖြင့် ကြေညာထားခဲ့ကြောင်းနှင့် လွှတ်တော်အသီးသီးအတွက် ကိုယ်စားလောင်းဦးရေ (၄၁၀)ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။
ပြည်နယ်(ပြန်/ဆက်)


