မြစ်ကြီးနား ဒီဇင်ဘာ ၂၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး၌ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား ကျန်းမာရေးစစ်ဆေး စောင့်ရှောင်မှုလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက အဆိုပါ ပြည်သူ့ဆေးရုံကြီး (၄)ထပ်လူနာဆောင်၊ သွားနှင့်ခံတွင်းကုသဆောင်၌ ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက သွားရောက် ကုသိုလ်ပြုအားပေးခဲ့ကြသည်။
ထို့သို့ ဆောင်ရွက်ရာတွင် မြစ်ကြီးနားမြို့ ခေမာသီဝံကျောင်းတိုက် ဦးစီးပဓာန ဒုတိယ နာယကဆရာတော်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် အဂ္ဂမဟာမဏ္ဍိတ ဘဒ္ဒန္တစန္တဝရာဘိဝံသ အမှူးပြုသော ရှမ်းစုမြောက်ရပ်ကွက်၊ ဓမ္မရက္ခိတကျောင်းတိုက် ဦးစီးပဓာန နာယက၊ ပြည်နယ် သံဃနာယကအဖွဲ့ဝင်ဆရာတော် အဂ္ဂမဟာမဏ္ဍိတ ဘဒ္ဒန္တကေတုမာလာ၊ ဓမ္မရက္ခိတဘုရားကြီးကျောင်းတိုက်၊ ပြည်နယ်သံဃနာယကအဖွဲ့ဝင်ဆရာတော် ဘဒ္ဒန္တဇာနေယျနှင့် မဟာစည်ရိပ်သာကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တအာဒိစ္စဝံသတို့အား ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်နှင့် သမားတော် ဒေါက်တာလှအောင် ဦးစီးသော အထူးကုဆရာဝန်ကြီးများ၊ သူနာပြုဆရာမများက ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား ဝတ္ထုငွေများကို လှူဒါန်းဆက်ကပ်ခဲ့ကြပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအတွက် ဆေးရုံအုပ်ကြီး၊ သမားတော်၊ အထူးကုဆရာဝန်ကြီးများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


