မြစ်ကြီးနား ၄ နိုဝင်ဘာ
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၃ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့နယ်အတွင်းရှိ နန့်ခမ်း၊ မလိခ၊ ပြည်ထောင်၊ နန်းကွေ့ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်သည် နန့်ကွေ့ကျေးရွာအုပ်စု၊ နန့်ခမ်းကျေးရွာ၌ ရွာတွင်းဝင်ရောက်သည့် အဓိက လမ်းမကြီး ခင်းကျင်းဆောင်ရွက်ပေးနိုင်ရေး၊ လျှပ်စစ်မီးသွယ်တန်းပေးနိုင်ရေးအတွက် ကျေးရွာတာဝန်ရှိသူများ၊ ရပ်မိ/ရပ်ဖများနှင့် တွေ့ဆုံပြီး ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် မလိခကျေးရွာသို့ သွားရောက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရပ်မိ/ ရပ်ဖ များနှင့်တွေ့ဆုံပြီး ကျေးရွာအခြေခံပညာကျောင်း တိုးချဲ့စာသင်ဆောင်သစ်ရရှိရေး၊ အားကစားကွင်း ရရှိရေး၊ သုသာန်သွား လမ်းခင်းကျင်းပေးနိုင်ရေး၊ မူးယစ်ဆေးဝါး နှိမ်နင်းပေးနိုင်ရေးနှင့် ကျေးရွာအုပ်စု ပြောင်းလဲသတ်မှတ်ရေးတို့နှင့် ပတ်သက်၍ တင်ပြတောင်းဆိုမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာငွေခွဲဝေရရှိမှုအပေါ် မူတည်၍ အတတ်နိုင်ဆုံး ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါကြောင်းနှင့် ချက်ချင်း ဆောင်ရွက်ပေးနိုင်သည်များကို ချက်ချင်းဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး တချို့လုပ်ငန်းများကို စီမံကိန်းလုပ်ငန်းများတွင် ထည့်သွင်းရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားကာ ကဏ္ဍအလိုက် ဖြည့်ဆည်းပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်ထောင်ကျေးရွာသို့ ဆက်လက်ထွက်ခွာခဲ့ပြီး ပြည်ထောင် - မလိခကျေးရွာချင်းဆက် လမ်းခင်းပေးနိုင်ရေး၊ ကျေးလက်ကျန်းမာရေးဌာနခွဲရရှိရေး၊ ဆရာ ဆရာမဝန်ထမ်းအိမ်ရာ ဆောက်လုပ် ပေးနိုင်ရေးအတွက် ရပ်မိ/ရပ်ဖများ၊ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် နန်းကွေ့ကျေးရွာ၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရေွးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ရေးအတွက် ထွန်းတောက်စာကြည့်တိုက်နှင့် အခြေခံပညာအလယ်တန်းကျောင်း အတွင်း မဲရုံများ ဖွင့်လှစ်ထားရှိမှု၊ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ စံလုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းပေးနိုင်ရေး ရပ်ကွက်တာဝန်ရှိသူများ၊ မဲရုံဝန်ထမ်းများအား မေးမြန်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး နန်းကွေ့မှ မြစ်ကြီးနားမြို့သို့ ဆက်သွယ်ထားသည့် လမ်းခင်းပေးနိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


