ကလော  ၂၈ ဩဂုတ်

 

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်  မြင်းမထိကျေးရွာတွင် စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်လျက်ရှိပြီး ကျောက်စိမ်းမျိုးဖရုံသီးကို စမ်းသပ်စိုက်ပျိုးရာ အောင်မြင်မှုရရှိကြောင်း စိုက်ပျိုးရေး တောင်သူထံမှ သိရသည်။

 

“ကျောက်စိမ်းမျိုး ဖရုံသီးကို စိုက်ပျိုးရာမှာ ဧပြီလတွင် စိုက်ပျိုးရန်အတွက် မြေနေရာပြင်ထားရပြီး မေလတွင် အစေ့ပျိုးပြီး  ၂၅ ရက်အကြာတွင် စိုက်ခင်းထဲကို စတင်စိုက်ပျိုးရပါတယ်။ စိုက်ပျိုးချိန်ကာလမှာ ၃ လခန့်ကြာပြီး ထွက်ရှိချိန်တွင် ဖရုံသီးတစ်လုံးကို ၂ ပိဿာ မှ ၄ ပိဿာ အထိရရှိနိုင်ပါတယ်။ တစ်ဧကစိုက်ပျိုးမယ်ဆိုရင် ကုန်ကျစရိတ်က မျိုးစေ့ထုပ် တစ်ထုပ်ကို ခြောက်ထောင်ဝန်းကျင်ရှိပြိီး မျိုးစေ့ ၁၀ ထုပ်၊ မြေဩဇာ၊ အလုပ်သမားခ၊ အထွေထွေကုန်ကျစရိတ် ၁၀ သိန်း လောက်ကုန်ပါတယ်။ သီးနှံအထွက်နှုန်းကတော့ တစ်ဧကကို အလေးချိန်ပိဿာ နှစ်သောင်းခွဲမှ သုံးသောင်းလောက်ခန့်မှန်းထားပါတယ်။ လက်ရှိ ကိုဗစ်-၁၉ ကာလကြောင့် ထွက်ရှိလာမယ့် သီးနှံတွေကို အရောင်းမထွက်မှာ စိုးရိမ်ပါတယ်။ အထွက်နှုန်းကောင်းပြီး ဈေးကောင်းရရှိရေး အတွက် မျှော်လင့်ပါတယ်။ ဈေးကွက်ကောင်းမယ်ဆိုရင် ကျောက်စိမ်းမျိုးဖရုံသီးကို တောင်သူတွေ ပိုမို စိုက်ပျိုးလာနိုင်တယ်” ဟု မြင်းမထိကျေးရွာနေ စိုက်ပျိုးရေးတောင်သူ ဦးတင်ထွန်းထံမှ သိရသည်။

 

ကျော်ဝင်း(ကလော)