ကလော၊ ၆ ဒီဇင်ဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် ကလောမြို့နယ် နန်းနိုင်ကျေးရွာအုပ်စု ကျောက်ဆုတ် ကျေးရွာနှင့် တောင်ကွဲကျေးရွာအုပ်စု မြောင်းချောက်ကျေးရွာသို့ ကလောမြို့နယ် မြို့မစခန်းမှူး ဒုရဲမှူး လှနိုင်နှင့် နယ်ထိန်း ရဲအုပ်ဆန်းလွင် ဦးစီးပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သည့် ဘိန်းခင်းဖျက်ဆီး ရေးပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၅ ရက် နံနက် ၈ နာရီက ဘိန်းခင်းများကို လိုက်လံဖျက်ဆီးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဘိန်းခင်းဖျက်ဆီး ရေးပူးပေါင်းအဖွဲ့သည် နန်းနိုင်ကျေးရွာအုပ်စု ကျောက်ဆုပ်ကျေးရွာ၏ အနောက်ဘက်ရှိ တောင်ကြား နံရံများကြားရှိ အမြင့် ၆ လက်မနှင့် ၁ ပေခန့်ရှိ ဘိန်းပင်ပေါက် ၅ ဧက၊ ဆက်လက်ရှာဖွေရာ အမြင့် ၁ ပေနှင့် ၂ ပေခွဲကြားရှိ ဘိန်းခင်း ၅ ဒသမ ၅ ဧက စုစုပေါင်း ဘိန်းခင်း ၁၀ ဒသမ ၅ ဧက ခန့်တို့ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
အလားတူ နိုဝင်ဘာ ၂၇ ရက်မှာ တောင်ကွဲကျေးရွာအုပ်စု မြောင်းချောက်ကျေးရွာ အနောက်တောင် ဘက် ၄ မိုင်ခန့်အကွာအမြင့် ၃ ပေခန့် ဘိန်းခင်း ၁ ဒသမ ၅ ဧကခန့် ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဘိန်းခင်းဖျက်ဆီးရေးပူးပေါင်းအဖွဲ့မှ နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၅ ရက်အထိ စုစုပေါင်း ဘိန်းခင်း ၁၂ ဧကခန့်ကို ပူးပေါင်းဖျက်ဆီးနိုင်ခဲ့ပြီး ဘိန်းခင်းများကို ဆက်လက်လိုက်လံရှာဖွေ ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


