တာချီလိတ် ၂၆ ဇွန်
ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ(တာချီလိတ်)ကို ကျင်းပလျက်ရှိရာ ဒုတိယနေ့တွင် ပွဲတော်ကျင်းပသည့် တာချီလိတ်မြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ပထမနေ့ကထက်ပင် ကျောင်းသား ကျောင်းသူများ၊ မိဘပြည်သူများနှင့် လာရောက်ကြည့်ရှုလေ့လာသူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားသက်ဝင်လျက်ရှိသည်ကို တွေ့မြင်နေရသည်။
ပုံပြင်ပြောပြိုင်ပွဲများ၊ ကျပန်းစကားပြောပြိုင်ပွဲများ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများ၊ စက္ကူခေါက်ပြိုင်ပွဲများနှင့် ပန်းချီပြိုင်ပွဲ၊ ခွက်ခင်းလမ်းလျှောက်၊ သုံးယောက်တွဲလမ်းလျှောက်၊ ပူပေါင်းညှပ်လမ်းလျှောက်၊ ခါးလှည့်ကွင်းလှည့်၊ စကားပုံဆက်ကစားပွဲ၊ အရုပ်ဆက်ကစားပွဲများကို ကျင်းပလျက်ရှိရာ ပြပွဲ ပြိုင်ပွဲများဖြင့် စည်ကားလျက်ရှိသည်။
စာပေဟောပြောပွဲနှင့် ဆွေးနွေးပွဲများကိုလည်း ကျောင်းခန်းမ၌ ကျင်းပရာ တာချီလိတ်မြို့နယ် စာရေးဆရာအသင်းမှ ဒေါက်တာမြင့်အောင်(မောင်မြန်မာ)က "မြို့ကိုချစ်တဲ့ မျိုးဆက်သစ်"၊ ဒေါက်တာကျော်စွာမြင့်က "လူငယ်နှင့် အနာဂတ်" ခေါင်းစဉ်များဖြင့် စာပေဆိုင်ရာများကို ဟောပြောဆွေးနွေးခဲ့သည်။
အထက(တာချီလိတ်) ကျောင်းသားဟောင်းများ၊ မန်းရတနာပုံလေကြောင်းလိုင်း၊ ကယ်လ်ဆမ်ကွေကာနှင့် MaMa ကုမ္ပဏီ၊ ခရိုင်နှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းများမှ ပွဲတော်လာသူများကို စတုဒိသာများဖြင့် ကျွေးမွေးဧည့်ခံလျက်ရှိသည်။
ကလေးစာပေပွဲတော်အရုပ်များနှင့်အတူ ပြန်/ဆက် ဝန်ထမ်းများက ခေါင်းဆောင်းအလှသရဖူများ ဆောင်းပေးခြင်း၊ NIEC က ကလေးများပျော်ရွှင်စေရန် စတီကာအလှများကပ်ပေးခြင်းနှင့် ဖျော်ဖြေရေး၌ တိုင်းရင်းသားရိုးရာအကအလှများ၊ ကျောက်ဆည်ဆင်အကများကို ကျောင်းသားလူငယ်များ၊ ဒေသခံပြည်သူများက စိတ်ဝင်စားစွာ ကြည့်ရှုသူများဖြင့် စည်ကားနေခဲ့ကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။
MDN


