တာချီလိတ် ၂၄ ဇွန်
ကလေးစာပေပွဲတော် ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် (တာချီလိတ်) ကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မကာဟိုခမ်း အခြေခံပညာအထက်တန်းကျောင်း၌ ဇွန် ၂၅၊ ၂၆ ရက်တွင် စတင်ကျင်းပမည်ဖြစ်ရာ ကလေးများအတွက် အသိပညာ ဗဟုသုတ တိုးပွားစေမည့် ပြခန်းပေါင်း ၁၉ ခန်းကို အမျိုးအစား စုံလင်စွာ ခင်းကျင်းပြသမည်ဖြစ်ကြောင်း သိရသည်။

ကလေးစာပေပြခန်း၊ ကလေးကဗျာပြခန်း၊ ကျောက်စာနှင့် ကာတွန်းပြခန်း၊ သုတဒါန အသိပညာ ဖွံ့ဖြိုးရေးပြခန်း၊ ရှမ်းအမျိုးသားယဉ်ကျေးမှုပြခန်း၊ Sun Moon Light ပြခန်း၊ လားဟူ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပြခန်း၊ အာခါစာပေနှင့်ယဉ်ကျေးမှုပြခန်း၊ နည်းပညာနှင့် ကွန်ပျူတာ တက္ကသိုလ်ပြခန်း၊ ပညာရေးဦးစီးဌာနပြခန်း၊ ရွှေမဟာပြခန်း၊ ရှမ်းအရှေ့တန်ဆောင်ပြခန်း၊ အိမ်တွင်းမှုပြခန်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနပြခန်း၊ စိုက်ပျိုးရေးဦးစီးဌာနပြခန်း၊ ကျန်းမာရေးဦးစီးဌာန ပြခန်း များ၌ ဦးစီးဌာနအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ ပြသထားမည်။ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးပြခန်း၊ မူးယစ်ပြခန်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းပြခန်းများ ပါဝင်မည်ဖြစ်ပြီး အဆိုပါ ပြခန်းများတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေးပြဘုတ်များကို ပြသထားမည်ဖြစ်သည်။
ကလေးကဗျာပြခန်းတွင် မြန်မာပြည်၏ ကလေးစာပေ ဖခင်ကြီးတစ်ဦး၊ ကဗျာဆရာကြီး ဖြစ်သလို အဘိဓာန်ကျမ်းများလည်း ပြုစုသည့် ပညာရှင်တစ်ဦးဖြစ်သူ၊ စာပေနယ်တွင် ရှေ့ဆောင်လမ်းပြ ပုဂ္ဂိုလ် တစ်ဦးဖြစ်သည့် ဆရာကြီးမင်းသုဝဏ်၏ မြန်မာစာပေနယ်တွင် ရှားပါးသည့် ကလေးစာပေများ၊ ကဗျာ၊ အလင်္ကာ၊ ပုံပြင်စသည့် ကလေးစာပေများကို စုံလင်စွာ ပြသထားမည်ဖြစ်ကြောင်း သိရသည်။
ပွဲတော်တွင် ထိုင်း-မြန်မာနယ်စပ် တာချီလိတ်ဒေသရှိ ရှမ်း၊ အာခါ၊ လားဟူ စသောတိုင်းရင်းသား ကလေးငယ်များကလည်း တိုင်းရင်းသား ဘာသာစကားများဖြင့် ပုံပြင်ပြောနှင့် ကဗျာရွတ်ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်မှုနှင့်အတူ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အတီးတို့ဖြင့်လည်း ပါဝင်ဖျော်ဖြေမည်ဖြစ်ကြောင်း တာချီလိတ်ခရိုင်(ပြန်/ဆက်)မှ သိရသည်။
MDN