ကလေး ၂၀ မေ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကလေးခရိုင် ငါးလုပ်ငန်းဦးစီးဌာန၏ ၂၀၁၈- ၂၀၁၉ ခုနှစ် ငါးလုပ်ငန်းရာသီအတွက် ကလေးခရိုင်အတွင်းရှိ ဂရန်အင်းငါးနေရာနှင့် တင်ဒါ(ငါးဖမ်းကွက်) များအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်များမှ ရေလုပ်ငန်းလုပ်ကိုင်သူများ အတွက် ဈေးပြိုင်စနစ်ဖြင့် အိတ်ဖွင့်လေလံတင် ရောင်းချပေးခြင်းကို မေ ၂၉ ရက် နံနက် ၁၀ နာရီအချိန်တွင် လေလံစည်းကမ်းချက်များနှင့်အညီ ကလေးခရိုင် ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးဌာနမှူးရုံး၌ ပြုလုပ်မည်ဖြစ်ကြောင်း ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ကလေးခရိုင် ကလေးမြို့နယ်နှင့် မင်းကင်းမြို့နယ်အတွင်းရှိ ဂရန်အင်းများမှာ ကလေးမြို့နယ်တွင် ကလေးအင်း၊ တိန်ညှင်းအင်း၊ ရာဇဂြိုဟ်အင်းနှင့် မင်းကင်းမြို့နယ်တွင် ကံအင်း၊ ပင်တင်းအင်း စုစုပေါင်း အင်းငါးနေရာ တို့ဖြစ်ကြပြီး အဆိုပါအင်းများအတွက် တင်ပြရမည့်စပေါ်ငွေမှာ အင်းတစ်နေရာလျှင် ၁၀ဝ ရာခိုင်နှုန်းစီဖြစ်ကြောင်း၊ ရောင်းချမည့်တင်ဒါ(ငါးဖမ်းကွက်)များမှာ ကလေးဝမြို့နယ်တွင် ဝဲဒေါင့်၊ လောင်းကတိတ်၊ ဂဇက်၊ ကျွဲကူး၊ မှန်လုံ၊ ရွှေတောင်၊ တုံနန်း၊ ဇီးဒေါင့်၊ ခုံကြီး စုစုပေါင်းငါးဖမ်းကွက်ကိုးကွက်နှင့် မင်းကင်းမြို့နယ်တွင် တရာ၊ အင်ကုန်းကြီး၊ ရှားတော၊ အူ၊ ခုံသာ၊ ကဗျက်(ဗရုံကာ)၊ ရှမ်းတော၊ ကံ၊ ကျွန်းတော်၊ ငါးသော်သေ/ ယားချောင်း၊ ပင်တင်း၊ ပန်းဆက်၊ ဘိုင်၊ တုံ၊ ဘင် စုစုပေါင်း ငါးဖမ်းကွက် ၁၅ ကွက်တို့ဖြစ်ကြကြောင်း ကလေးခရိုင်ငါးလုပ်ငန်းဦးစီးဌာန၏ အိတ်ဖွင့်လေလံတင်ရောင်းချခြင်းကြော်ငြာအရ သိရသည်။
“ ငါးလုပ်ငန်းရာသီအတွက် ဂရန်အင်းတွေကနေ ငါးအထွက်နှုန်းတိုးတက်စေဖို့၊ အင်းနယ်နိမိတ်ကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ အင်းရာသီအတွင်း ငါးကုန်/ရေခန်းဖမ်းဆီးခြင်း မပြုလုပ်ဘဲ အင်းရေချန်/ ငါးချန်စနစ်လုပ်ကိုင်စေဖို့ကို ရည်ရွယ်ပါတယ်။ ဂရန်အင်းများဟာ နိုင်ငံတော်ပိုင် သယံဇာတတွေဖြစ်ပါတယ်။ အင်းလုပ်ငန်းဟာ သဘာဝက ထွက်ရှိတဲ့ငါးတွေကို ဖမ်းဆီးရတဲ့လုပ်ငန်းဖြစ်တာနဲ့အညီ ရေရှည်စဉ်ဆက်မပြတ် ငါးဖမ်းဆီး ထုတ်လုပ်နိုင်ဖို့အတွက် အဲဒီဂရန်အင်းရဲ့ ငါးမျိုးစိတ်တွေ မျိုးမတုန်းစေရေး၊ ငါးမျိုးတွေပြုန်းတီးနိုင်တဲ့ တရားမဝင် ငါးဖမ်းကိရိယာတွေ အသုံးပြုခြင်းကနေ ကာကွယ်ကြီးကြပ်ရေး၊ ငါးရစ်ငါးသန်ရာသီချိန် တားမြစ်ကာလ မေ၊ ဇွန်၊ ဇူလိုင်လတွေမှာ ငါးဖမ်းဆီးမှုမရှိစေရေးတို့ကို အင်းလေလံဆွဲဝယ်ရရှိသူတွေက တာဝန်ရှိမှု၊ တာဝန်သိမှုအသိစိတ်ဓာတ်ရှိရှိနဲ့ အလေးထားဖို့ အခုလိုဆောင်ရွက်ခြင်းဖြစ်ပါတယ်” ဟု ကလေးခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူး ဦးစိုးမြင့်သိန်းကပြောသည်။
ငါးလုပ်ငန်းဦးစီးဌာနသည် ရေချိုငါးလုပ်ငန်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အင်းများကို လေလံတင် ရောင်းချရာတွင် မည်သည့်ဌာနအဖွဲ့အစည်းကိုမဆို ဦးစားပေးအဆင့်မထားရှိဘဲ ပွင့်လင်းမြင်သာစွာ အများရှေ့မှောက်တွင် ဈေးပြိုင်လေလံစနစ်ဖြင့် လေလံတင်ရောင်းချမည်ဖြစ်ကြောင်း၊ လေလံဆွဲ ဝယ်ရရှိသူသည် မိမိဆွဲဝယ်လုပ်ကိုင်ခွင့်ရရှိသော ငါးဖမ်းကွက်အတွင်း တားမြစ်ထားသော ငါးဖမ်းကိရိယာများ အသုံးပြုခြင်း၊ ငါးမျိုးသုန်းစေသောအဆိပ်ခတ်ခြင်း၊ မိုင်းခွဲခြင်း၊ ဗုံးခွဲခြင်း၊လျှပ်စစ်ဒိုင်နမိုဖြင့် ငါးဖမ်းခြင်း၊ ဘက်ထရီရှော့တိုက်ငါးဖမ်းခြင်း၊ ၄င်းအပြင် တင်ဒါငါးဖမ်းကွက်လုပ်ငန်းများနှင့် မသက်ဆိုင်သည့်ရွှေ/သတ္တု တူးဖော်ခြင်းများ၊ မြစ်သဲကျောက်တူးဖော်ခြင်းလုပ်ငန်းများပြုလုပ်ပါက တင်ဒါလိုင်စင် ဖျက်သိမ်းခြင်း ခံရမည့်အပြင် စစ်ကိုင်းတိုင်းဒေသကြီး ရေချိုငါးလုပ်ငန်းဥပဒေအရ တရားစွဲဆိုခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။
ချင်းတွင်းသား