ကလေး  ၂၇  နိုဝင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် အင်းစိန်ကျေးရွာတွင် နိုဝင်ဘာလအတွင်း ဝက်ကောင်ရေ ၄၃ ကောင်ခန့် သေဆုံးမှုကြောင့် တိရစ္ဆာန်ရောဂါရှာဖွေရေးဓာတ်ခွဲခန်း (မန္တလေး)သို့ ဓာတ်ခွဲနမူနာ ပေးပို့စစ်ဆေးခဲ့ရာ အာဖရိက ဝက်အပြင်းဖျားရောဂါအဖြစ် အတည်ပြုခဲ့ကြောင်း ခရိုင်မွေးမြူ ရေးနှင့်ကုသရေးဦးစီးဌာနရုံးမှ သိရသည်။

“အင်းစိန်ကျေးရွာမှာ အခုလို ဝက်တွေ သေဆုံးရတာဟာ အာဖရိကဝက်အပြင်းဖျား ရောဂါကြောင့် သေဆုံးသွားတယ်လို့ သတ်မှတ်ထားပြီးဖြစ်တဲ့အတွက် ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး စီမံချက်တွေအတိုင်း ဆောင်ရွက်သွားပါမယ်။ တောဝက်သား ရောင်းဝယ်တာကိုလည်း တားမြစ်သွားရပါမယ်။ ဝက်အသေသား ရောင်းချတာ၊ ဝယ်ယူတာတွေ မပြုလုပ်ကြဖို့နဲ့ နောက်ပြီး ဝက်ရောင်းဝယ်ပြီး ပို့ဆောင်တဲ့ အဝင် အထွက်တွေကိုလည်း တားဆီးသွားပါမယ်”ဟု ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူး ဦးမြင့်ဝင်းက ပြောကြားသည်။

အာဖရိကဝက်အပြင်းဖျားရောဂါ ပြန့်ပွား မှုသည် ရောဂါဖြစ်ပွားသော ဝက်၏ အသေသားများ ရောင်းချမှုမှတစ်ဆင့် အိမ်များသို့ ရောက်ရှိ သွားပြီး ဝက်အသေသားများကို ရေဆေးရာမှသော်လည်းကောင်း၊ ချက်ပြုတ်ပြီး၍ အကြွင်းအကျန်များကို ဝက်စာအိုးများအတွင်း စွန့်ပစ်မှုကြောင့်သော် လည်းကောင်း အခြားဝက်များ သို့ ကူးစက်နိုင်ကြောင်း သိရသည်။

ရောဂါလက္ခဏာများအနေဖြင့် နာတာရှည် ကူးစက်ခံရသော ဝက်များတွင် ခြေလက် အဆစ်ရောင်ခြင်း၊ အရေပြားအနာဖြစ်ခြင်း၊ အရေပြား (နားရွက်၊ အမြီး၊ ဝမ်းဗိုက်) နီရဲခြင်း၊ ကိုယ်အပူချိန် မမှန်ခြင်း၊ ကိုယ်အလေးချိန်

လျော့ကျခြင်း၊ ရုတ်တရက် ကူးစက်ခံရသော ဝက်များတွင် အရေပြား နီရဲခြင်း၊ ပန်းခရမ်း ပြာရောင်ပြောင်းကာ ရုတ်တရက်သေဆုံးခြင်း များဖြစ်ပေါ်တတ်ကြောင်း သိရသည်။

ထန်းဖုန်(ပြန်/ဆက်)