ကလေး ၂၆ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့နယ် တောင်ဖီလာရပ်ကွက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ၂၅ ခုတင်ဆံ့ တိုင်းရင်းဆေးရုံသစ်ကြီးကို ယနေ့နံနက် ၉ နာရီက ဖွင့်ပွဲကျင်းပရာ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဆရာဦးကျော်သိန်းဌေး၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူး(ကုသရေး) ဆရာဦးသန်းညွှန့်နှင့် ခရိုင်မြို့နယ် စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။
တိုင်းရင်းဆေးရုံသစ်ဖွင့်ပွဲတွင် တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါတ်တာဇော်ဝင်းက စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုမှာ တိုင်းရင်းဆေးရုံ ရှစ်ရုံ၊ ခရိုင်အဆင့်တိုင်းရင်းဆေးကုသဌာန ငါးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုဌာန (၂၁) ဌာနဖြင့် တိုင်းရင်းဆေးပညာကို အသုံးပြုကာ ကျန်းမာရေးစောင့်ရှောက်မှုကို ကုသမှုပေးနေကြောင်းကို ပြောကြားသွားသည်။
ကလေးမြို့တိုင်းရင်းဆေးရုံသစ်ကြီးကို မြေအကျယ်အဝန်း (၃ ဒသမ ဝ၃)ဧကပေါ်တွင် အလျား ၁၂၄ ပေ အနံ ၆၄ ပေ ခွင့်ပြုရန်ပုံငွေကျပ်(၁၅၇) သန်းဖြင့်ဆောက်လုပ်ခဲ့ပြီး တိုင်းရင်းဆေးရုံတွင် လေဖြတ်၊ လေငန်းရောဂါ ၊ ဒူးနာခါးနာရောဂါ၊ အဆစ်ရောင်ရောဂါ၊ ဇက်ကျီးပေါင်း ခါးကျီးပေါင်းရောဂါ၊ ခါးအာရုံကြောညှပ်ရောဂါ၊ ခြေလက် ထုံကျင်ခြင်းရောဂါ၊ အနာပေါက်ရောဂါ၊ သွေးတိုး ဆီးချိုရောဂါ၊ မီးယပ်ရောဂါ၊ ကလေးသူငယ်နာရောဂါ၊ ထိခိုက်ဒဏ်ရာရောဂါများနှင့် အထွေထွေရောဂါများကို ကုသပေးလျက်ရှိကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။
MDN


