ကလေး ၁၄ ဩဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် စက်မှုလယ်ယာဦးစီးဌာနမှ ကိုဗစ်-၁၉ကြောင့် စီးပွားရေးအပေါ် ထိခိုက်မှုသက်သာရေး စီမံချက်အရ ထွန်စက် (၈)စီးအား တောင်သူလယ်သမားများထံ လွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၈နာရီအချိန်က ကလေးခရိုင် စက်မှုလယ် ဦးစီးဌာနရုံးတွင် ကျင်းပသည်။
ယခုလို ထွန်စက်ကြီးများ လွှဲပြောင်းပေးအပ်ရခြင်းနှင့် ပတ်သက်၍ ကလေးခရိုင် စက်မှုလယ်ယာ ဦးစီးဌာန မှူးရုံးခရိုင်ဦးစီးမှူး ဦးလှဌေးက “ယခုလို ထောက်ပံ့ပေးတာကြောင့် လယ်ယာလုပ်သား ရှားပါးမှုကနေ ကာကွယ်နိုင်ပြီးတော့ လုပ်ငန်းကို မြန်ဆန်စွာဆောင်ရွက်နိုင်ပါတယ်၊ ၊ပြီးတော့ တောင်သူတွေကို ပေးတဲ့အခါမှာလည်း စက်ပစ္စည်း ထိန်းသိမ်းမောင်းနှင်မှု သင်တန်းကိုလည်း ပေးထားပါတယ်၊ ကလေးမြို့နယ်အနေနဲ့ (၈)စီးထုတ် ယူရရှိ ထားပြီးတော့ ဆက်လက်ပြီးတော့ ထုတ်ယူလို့ ရအောင်လဲ ဆောင်ရွက်နေပါတယ်”ဟုပြောကြားသည်။
ထို့နောက် ထွန်စက်(၈)စီး နှင့်ပတ်သက်၍ စာချုပ်စာတမ်းများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီး(ခ)ဒေါ်အေးအေးမူ ၊မြို့နယ်စီမံခန့်ခွဲမှုကော်မတီဉက္ကဌဦးကျုံးလျန်ထန်း၊ ခရိုင်စက်မှုလယ်ယာ ဦးစီးဌာနမှူး ဦးလှဌေး၊ မြို့နယ်စက်မှု လယ်ယာဦးစီးမှူး ဦးသန်းထိုက်တို့က လွှဲပြောင်းပေးအပ်ရာ ထွန်စက်ကြီးများ ဝယ်ယူခွင့် တင်ပြထားသည့် တောင်သူများက အသီးသီးလက်ခံရယူခဲ့ကြသည်။
ကလေးမြို့နယ် အတွင်းရှိ တောင်သူလယ်သမားများ ထွန်ယက်စိုက်ပျိုးရာတွင် အခက်အခဲဖြင့် မကြုံ စေရန်နှင့် လယ်ယာလုပ်ငန်းများ ဆောင်ရွက်ရာတွင် အချိန်မီဆောင်ရွက်နိုင်ရန်နှင့် တောင်သူများအား စက်ကိရိယာများ ကူညီပံ့ပိုးပေးနိုင်ရန်တို့ကိုရည်ရွယ်၍ ကိုဗစ်-၁၉၏ စီးပွားရေးအပေါ် ထိခိုက်မှု သက်သာရေး စီမံချက်အရ ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထန်းဖုန်(ပြန်/ဆက်)