ကလေး ၂၂ သြဂုတ်

စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးဆောင်၍ ကလေးခရိုင်၊ ကလေးမြို့တွင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ကာကွယ်ခြင်း၊ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများ လုပ်ဆောင်တတ်စေရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ် လျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၂၁ ရက် နံနက် ၉ နာရီက ကလေးခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရုံး၌ ကျင်းပပြုလုပ်သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတိုးကျော်သူက သင်တန်းဖွင့် အမှာစကားပြောကြားခဲ့ပြီး    ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ 

အဆိုပါသင်တန်းတွင် ရေဝင်ရောက်လျက်ရှိသော ကလေးမြို့ပေါ်ရပ်ကွက်များဖြစ်သည့် အောင်မေတ္တာရပ်ကွက်၊ ညောင်ပင်သာရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ ကျေးရွာများဖြစ်ကြသော ကျီကုန်းကျေးရွာ၊ ဖောင်ကူးကျေးရွာ၊ အင်းစိန်ကျေးရွာ၊ နတ်နန်းကျေးရွာနှင့် စုစည်းညီညွတ်သော လူမှုကွန်ယက်အဖွဲ့တို့မှ သင်တန်းသားသင်တန်းသူ (၃၀) ဦးတို့ တက်ရောက်ကြပြီး သြဂုတ် ၂၁ ရက်မှ ၂၃ ရက်အထိ သုံးရက်ကြာ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းထိုက်အောင် (ပြန်/ဆက်)