နေပြည်တော် အောက်တိုဘာ ၁၀

 

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး ကို  ယနေ့ နံနက် ၁၀ နာရီတွင်  နေပြည်တော်ရှိ  ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့     ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဥပဒေရေးရာဝန်ကြီးဌာန  ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာစန်းနှင့်    တာဝန်ရှိသူများ၊    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ   တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

 

အပြီးသတ်ညှိနှိုင်းဆွေးနွေး

အစည်းအဝေးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ  ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (မူကြမ်း)ကို အပြီးသတ် စိစစ်လေ့လာဆွေးနွေးကြပြီး ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ဥပဒေတွင်  လက်ရှိအခြေအနေများနှင့် လိုက်လျောညီထွေမှုရှိစေရေးအတွက် ဖြည့်စွက်ရန်         လိုအပ်သည့် အချက်များ တွေ့ရသဖြင့် ပြင်ဆင်သည့် ဥပဒေကို  ပြဋ္ဌာန်းသင့်ကြောင်းနှင့် ပြင်ဆင်လိုသည့် ပုဒ်မများကို  အပြီးသတ် ညှိနှိုင်းဆွေးနွေးကြသည်။

 

အဆိုပါ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကို ၂၀၁၉ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် ပြည်ထောင်စုလွှတ်တော်  ဥပဒေ အမှတ် ၂၂  ဖြင့် ပြဋ္ဌာန်းခဲ့ကြောင်း သိရသည်။              

သတင်းစဉ်