ကလေးဝ ၂၁ ဩဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၌၊ ချင်းတွင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ယမန်နေ့ ညနေ ၃ နာရီခွဲက မြစ်ကမ်းဘေး ကျေးရွာများသို့ ရေဘေးအန္တရာယ် အသိပညာပေး နှိုးဆော်ခဲ့သည်။
ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာနေ ပြည်သူများအား ချင်းတွင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ရေဘေးအတွက် ကြိုတင်ပြင်ဆင်ရမည့် အချက်များ၊ ဘေးအန္တရာယ် ကျရောက်စဉ် ဆောင်ရန်/ရှောင်ရန် အချက်များ၊ ဘေးအန္တရာယ် ဖြစ်ပွားပြီးနောက် ပြုလုပ်ရမည့် အချက်များအား မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ပုဂ္ဂလိကရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကော်မတီတို့က Hand Speaker ဖြင့် အသိပညာပေး နှိုးဆော်ခြင်းကို ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ကလေးဝမြို့၏ ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်သည် ၁၅၅၀ စင်တီမီတာဖြစ်ပြီး မြို့နယ်မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ ၁၅၄၃ စင်တီမီတာသို့ ရောက်ရှိနေပြီးဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဆွေ ထံမှ သိရသည်။
သက်ဟန်(ကလေးဝ)