ကလိန်အောင် ၂၃ ဇူလိုင်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန် ရည်ရွယ်၍ ရန်ပုံငွေ လေးဆယ်ကျပ်သိန်းဖြင့် ဖွင့်လှစ်ပေးခဲ့သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြုဆိုင်ရာ ဆိုင်ကယ်ပြင် သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ကလိန်အောင်မြို့ ကျောက်ရှပ်ကျေးရွာအုပ်စုရှိ ရေပုံးကျေးရွာပြည်သူ့အကျိုးပြု ခန်းမဆောင်၌ ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲတွင် ထားဝယ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုးလင်းနှင့် ရေဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှိုင်းမောင်မောင်တို့ က အဖွင့်အမှာစကား ပြောကြားပြီး ရေပုံးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစောအာကာလင်းမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်ပြီး သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား ထားဝယ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုးလင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှိုင်းမောင်မောင်နှင့် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ကလည်းကောင်း၊ သင်တန်းဆင်းလက်မှတ်များကို ရေဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်ဦးအောင်နှင့် သင်တန်းနည်းပြဆရာအား အမှတ်တရ လက်ဆောင်ပစ္စည်းများကို တိုင်းဒေသကြီးကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဦးသိန်းထွန်း တို့က အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါသင်တန်းကို ကလိန်အောင်မြို့ ကျောက်ရှပ်ကျေးရွာအုပ်စုနှင့် နှမ်းကျဲကျေးရွာအုပ်စုအတွင်းမှ သင်တန်းသား ၁၅ ဦးတို့က တစ်လသာ လက်တွေ့သင်ကြားလျက်ခဲ့ပြီး သင်တန်းဆင်းပွဲ အခမ်းအနားသို့ ထားဝယ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုးလင်းနှင့် ရေဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှိုင်းမောင်မောင်၊ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်၊ တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဦးသိန်းထွန်းနှင့် မြို့နယ်ဦးစီးမှူး ဦးမြင့်ဦးအောင်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိ၊ ရပ်ဖများ သင်တန်းနည်းပြဆရာနှင့် သင်တန်းသားများ၊ ဒေသခံပြည်သူများတို့က တက်ရောက်ကြကြောင်း သိရသည်။
သန္တာမိုး



