ရန်ကုန် ၁ ဇွန် 


ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့၌ အောက်တိုဘာတွင် ကျင်းပမည့် ကမ္ဘာ့အဆင့် စက်ရုပ်ပြိုင်ပွဲဖြစ်သည့် First Global Robotics Challenge ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူအားကစားရုံ၌ ကျင်းပသည့် ပထမဆုံးအကြိမ် စက်ရုပ်ပြိုင်ပွဲကြီးမှ သိရသည်။ 


အဆိုပါပထမဆုံးအကြိမ် စက်ရုပ်ပြိုင်ပွဲကို Myanmar Robo League (ဖန်တီးရာ) နှင့် ပါမောက္ခချုပ်များ ကော်မတီတို့ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်အသင်း ၁၄ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲများအပြီး Outanding Mentor Award ကို ကချင်ပြည်နယ် ကိုယ်စားပြုအသင်း၊  Most Helpful Team Award ကို မန္တလေးတိုင်းဒေသကြီးအသင်း၊ Most Cooperative Team Award ကို ကရင်ပြည်နယ်အသင်း၊ Best Robot Desingn Award ကို ကယားပြည်နယ်အသင်း၊ Best Program Award ကို စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ Best Driving Team Award ကို ပဲခူးတိုင်းဒေသကြီးအသင်း၊ Best Strategy Team Award ကို ရခိုင်ပြည်နယ်အသင်း၊ Myanmar Roboleague Winner Award 2019 ဆုကို ရန်ကုန်တိုင်းဒေသကြီး  ကိုယ်စားပြုအသင်းတို့ အသီးသီး ရရှိခဲ့ရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ပါမောက္ခချုပ်များ၊ တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြသည်။

 

1


"ဒီပြိုင်ပွဲမှာ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ အချင်းချင်းတွေ့ဆုံပြီး အသိပညာဗဟုသုတများ၊ သင်ကြားထားသော အတွေ့အကြုံများ ဖလှယ်နိုင်ရန် အချင်းချင်းနားလည်ယုံကြည်မှု၊ ပူးပေါင်းလုပ်ဆောင်မှုတို့ကို မြှင့်တင်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါတယ်။ ကျောင်းသား ကျောင်းသူ လူငယ်တွေကို STEM (Science Technology Engineering Mathematics ပညာရပ်တွေ သင်ကြားပေးခြင်းဟာ အင်မတန်မှ အရေးကြီးပါတယ်။ First Global စက်ရုပ်ပြိုင်ပွဲကြီးဟာ မြန်မာကျောင်းသား လူငယ်တွေအတွက် သူတို့ရဲ့နည်းပညာ ကျွမ်းကျင်မှုကို ကမ္ဘာကသိအောင်  ထုတ်ဖော်ပြသဖို့ အကောင်းဆုံး အခွင့်အရေးဖြစ်ပါတယ်” ဟု ဖန်တီးရာ၏ CEO  Jes Kaliebe Petersen ကပြောသည်။ 


အဆိုပါ Myanmar Robo League (ဖန်တီးရာ) မှ မြန်မာနိုင်ငံကိုယ်စားပြု ၂၀၁၇ တွင် အမေရိကန် နိုင်ငံဝါရှင်တန်ဒီစီမြို့၌ ကျင်းပခဲ့သော First Global Robotics Challenge ပြိုင်ပွဲ၌ နိုင်ငံပေါင်း ၁၅၇ နိုင်ငံတွင် အဆင့်ခြောက်၊ အာရှနိုင်ငံများတွင် အမှတ်အများဆုံး ရရှိခဲ့ပြီး ၂၀၁၈ မက္ကစီကိုနိုင်ငံ၌ ကျင်းပသည့် ပြိုင်ပွဲ၌ နိုင်ငံပေါင်း ၁၈၆ နိုင်ငံတွင် အဆင့် ၆၄ ရရှိခဲ့ကြောင်း သိရသည်။


သတင်း- အာကာစိုး၊ ဓာတ်ပုံ- ဗလစိုး 

 

1