နေပြည်တော်၊ စက်တင်ဘာ ၁၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယနေ့ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Irkutsk မြို့မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) မှအထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာရာ Irkutsk ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲ Mr.Igor Ivanovich Kobzev နှင့် အဖွဲ့ဝင်များ၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာ နိုင်ငံ သံအမတ်ကြီး ဦးလွင်ဦး၊ စစ်သံမှူး ဗိုလ်မှူးချုပ် မိုးကျော်နှင့် တာဝန်ရှိသူများက လေဆိပ်တွင် လိုက်လံပို့ဆောင်နှုတ်ဆက်ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကိုယ်စားလှယ် အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားကြသည့် ကောင်စီဝင် ဦးမောင်းဟာ၊ ဦးစောဒန်နီယယ်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော် အရာရှိကြီးများ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ပြန်ကြားရေး ဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများပြန်လည် လိုက်ပါလာခဲ့ကြသည်။
ခရီးစဉ်အတွင်း (၇) ကြိမ်မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ်သို့ တက်ရောက်ခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin နှင့် တွေ့ဆုံဆွေးနွေးခြင်း အပါအဝင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အစိုးရအဖွဲ့ တာဝန်ရှိသူများ နှင့် ကဏ္ဍအလိုက် တွေ့ဆုံဆွေးနွေးမှုများကို ဆောင်ရွက်ခြင်း၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ Primorsky ပြည်နယ်၊ Buryatia ပြည်နယ်၊ Irkutsk ပြည်နယ် အစိုးရအဖွဲ့တို့မှ အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ အထင်ကရနေရာများ၊ တက္ကသိုလ်များနှင့် စက်ရုံ၊ အလုပ်ရုံများသို့ လေ့လာခြင်းများဆောင်ရွက်နိုင်ခဲ့ပြီး ခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည်လည်း သက်ဆိုင်ရာကဏ္ဍများအလိုက် အလုပ်သဘောဆိုင်ရာ တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်နိုင်ခဲ့ကာ နိုင်ငံအတွက် အပြုသဘော ဆောင်သည့် စီးပွားရေးဆိုင်ရာ ဆွေးနွေးမှုရလာဒ်များ ပေါ်ထွက်လာအောင် ဖော်ဆောင်နိုင်ခဲ့ကြောင်းနှင့် နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့သည့် အောင်မြင်သည့် ခရီးစဉ်တစ်ခုဖြစ်ခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ညနေပိုင်းတွင် နေပြည်တော် တပ်မတော်လေဆိပ်သို့ ပြန်လည်ရောက်ရှိကြရာ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံသံရုံးမှ သံရုံးဒုတိယ အကြီးအကဲ Mr. Pavel A.KLABUKOV၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ စစ်သံမှူး Colonel Sergei KURCHENKO နှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက် ကြသည်။
ထို့ပြင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တစိုက်မတ်မတ်ဦးတည်၍ ခရီးစဉ်အတွင်း နေ့မအား ညမနားဖြင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာတို့တွင် ပြည်သူအချင်းချင်း၊ လုပ်ငန်းရှင်များအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ပေါ်ပေါက်လာစေရေးအတွက် ကြိုးပမ်းအားထုတ် ဆောင်ရွက်ခဲ့ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် တိုင်းရင်းသား၊ တိုင်းရင်းသူ သားငယ်၊ သမီးငယ်လေးများ၊ ရိုးရာအက အလှအဖွဲ့များ၊ ဒေသခံပြည်သူများက လေဆိပ်တွင် အသင့်စောင့်ကြို၍ လေဆိပ်လေယာဉ်အဆင်းမှ VIP ဆောင်အထိလည်းကောင်း၊ တပ်မတော်လေဆိပ်မှ အဝိုင်းနေရာထိအလည်းကောင်း၊ တပ်မတော်လေဆိပ် အဝိုင်းနေရာမှ အပြည်ပြည် ဆိုင်ရာ လေဆိပ်အဝိုင်းနေရာအထိလည်းကောင်း “(၇)ကြိမ်မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ် (The 7th Eastern Economic Forum-2022) တက်ရောက်ခဲ့သော နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့အား လှိုက်လှဲစွာကြိုဆိုပါ၏” “ကမ္ဘာ့အလယ် မြန်မာ့ ဂုဏ်ဝင့်ထည်စေသော နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား အထူးပင် ကျေးဇူးတင်ပါသည်” “အမိမြန်မာနိုင်ငံတော်အတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ကြိုးစားမှုများအား လှိုက်လှဲစွာ ဂုဏ်ယူဝမ်းမြောက်ပါသည်” “နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစိုးရ အောင်မြင်ပါစေ” “ဂုဏ်ယူဝမ်းမြောက် စွာဖြင့် ကြိုဆိုပါသည်။” “ရုရှား-မြန်မာ ချစ်ကြည်ရေး ထာဝရ အဓွန့်ရှည်တည်မြဲပါစေ” ဟူသော စာတန်းများပါရှိသည့် ဗွီနိုင်းများ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံခရီးစဉ် လှုပ်ရှားမှု ပုံရိပ်များပါရှိသည့် အလျား ၅ ပေ၊ အနံ ၂ ပေခန့်ရှိ ရုပ်ပုံကားချပ် ၃၀ ခန့်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံများကို ကိုင်ဆောင်၍ အလံများဝှေ့ယမ်းကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျန်းမာပါစေ၊ ချမ်းသာပါစေ ဟု ကြွေးကြော်လျက် သောင်းသောင်းဖြဖြ ကြိုဆို ဂုဏ်ပြုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်