ညောင်ဦး ၂၇ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး၊ ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအား အစဉ်အမြဲ သန့်ရှင်းသာယာလှပစေရန်နှင့် စွန့်ပစ်ပလတ်စတစ်အမှိုက် ကင်းမဲ့ဇုန်အဖြစ် ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဦးဆောင်မှုဖြင့် အပတ်စဉ် စနေနေ့တိုင်း Plastic Campaign စုပေါင်းအမှိုက်ကောက်ယူ ရှင်းလင်းရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း ပုဂံညောင်ဦးမြို့ပေါ်ရှိ ဒေသခံပြည်သူများထံမှ သိရသည်။
ယနေ့ နံနက်ပိုင်းက ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်ဇော် ဦးဆောင်မှုဖြင့် ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ပုဂံခရီးသွား ဧည့်လမ်းညွှန်အဖွဲ့ဝင်များ၊ ဟိုတယ်နှင့် စားသောက်ဆိုင်လုပ်ငန်းရှင်များ၊ ပုဂံညောင်ဦးမြို့ပေါ်ရှိ Plastic Campaign အဖွဲ့မှ အဖွဲ့ဝင်များ၊ မြင်းကပါကျေးရွာမှ ကျေးရွာနေပြည်သူများ၊ စုစုပေါင်း လူအင်အား ၂၀ဝ ကျော်ခန့် ပူးပေါင်းပါဝင်၍ ပုဂံမြို့ဟောင်းသွားလမ်းတစ်လျှောက် လမ်းဘေး (ဝဲ/ယာ) နှင့် မြင်းကပါကျေးရွာအနီး ဝန်းကျင်ရှိ ချောင်းများ၊ မြောင်းများအတွင်းရှိ စွန့်ပစ်ပလတ်စတစ်အမှိုက်များကို အမှိုက်သိမ်းယာဉ်များဖြင့် စုပေါင်းကောက်ယူ ရှင်းလင်းခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ စုပေါင်းအမှိုက်ကောက်ယူ ရှင်းလင်းရေးလုပ်ငန်းအား အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပါဝင်ကူညီလိုသူများအနေဖြင့် မည်သူမဆို လိုက်ပါကူညီဆောင်ရွက်နိုင်ကြောင်း သိရပြီး ပြည်သူများကိုလည်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းများ ရှောင်ကြဉ်သတိပြုကာ သတ်မှတ်နေရာများတွင် စနစ်တကျ အမှိုက်စွန့်ပစ်သွားကြရန် ကြော်ငြာဆိုင်းဘုတ်များဖြင့် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ထားရှိပေးထားကြောင်း Bagan Plastic Campaign အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


