ဆယ်စုနှစ်များစွာ သုတေသနလုပ်နေကြသည့်တိုင် သိပ္ပံပညာရှင်များအနေဖြင့် ကမ္ဘာ့အသေအပျောက်အများဆုံး ဝမ်းရောဂါနှစ်မျိုးဖြစ်သည့် အီကိုလိုင်နှင့် ရှီဂျယ်လာတို့အတွက် ကာကွယ်ဆေးမထုတ်နိုင်သေးပေ။ ထိုရောဂါနှစ်မျိုးပေါင်းလိုက်လျှင် နှစ်စဉ်သန်းပေါင်း ရာနှင့်ချီသည့် လူတို့ကို ကူးစက်ပြီး ကလေးငယ်များသေဆုံးခြင်းကို ဖြစ်စေသည်။ အထူးသဖြင့် အရင်းအမြစ် အနိမ့်ပါးဆုံး ဒေသများတွင် ဖြစ်သည်။
ကာကွယ်ဆေးရှာမတွေ့ရသည့် အကြောင်းရင်းမှာ ကာကွယ်ဆေးက ပစ်မှတ်ထားတိုက်ခိုက်မည့် မျက်နှာပြင်မော်လီကျူးတို့ကို အဆိုပါ ဗက်တီးရီးယားတို့က အမျိုးမျိုးပုံပြောင်းနိုင်၍ဖြစ်သည်။ ယခုအချိန်တွင်မူ ဝါရှင်တန်တက္ကသိုလ် စိန့်လူးဝစ်ဆေးကျောင်းမှ သုတေသီများက အဆိုပါ ဗက်တီး ရီးယား နှစ်မျိုးလုံး၏ တူညီသောအားနည်းချက်ကို ရှာဖွေတွေ့ရှိခဲ့ပြီး နှစ်မျိုးလုံးအတွက် သက်ရောက်သော ကာကွယ်ဆေးတစ်မျိုးဖော်ထုတ်နိုင်ရန် အလားအလာရှိလာပြီဟု သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အီကိုလိုင်၊ ရှီဂျယ်လာနှင့် အခြားဝမ်းရောဂါ ဖြစ်စေသော ဗက်တီးရီးယားတို့ကို သုတေသနလုပ်နေသည့် သုတေသီများက အဆိုပါဗက်တီးရီးယားတို့သည် အစာအိမ်နှင့် အူလမ်းကြောင်း၏ အချွဲအလွှာကို ဖြတ်ကျော်ဝင်ရောက်နိုင်ရန် ဆင်တူသော အင်ဇိုင်းသုံးမျိုးကို မှီခိုနေကြရကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ကူးစက်ခံလူနာများနှင့် စေတနာ့ဝန်ထမ်းများထံမှရသော နမူနာများကိုလေ့လာခြင်းဖြင့် အဆိုပါအင်ဇိုင်းတို့၏ လုပ်ဆောင်ချက်များကို တားဆီးပေးနိုင်သော ပဋိဇီဝများကိုပါတွေ့ရှိပြီး ထိုပဋိဇီဝများသည် ဗက်တီးရီးယားတို့ကို အချွဲလွှာထဲသို့ တိုးမဝင်နိုင်အောင် တားဆီးနိုင်သည်ကိုလည်း တွေ့ရှိခဲ့ကြသည်။
ဝါရှင်တန်တက္ကသိုလ်ဆေးကျောင်း၏ ကူးစက်ရောဂါဌာနမှ ပါမောက္ခ ဂျိမ်းစ်ဖလက်ကင်စတိုင်းက “ဒီနေရာမှာ စိတ်လှုပ်ရှားဖို့ကောင်းတာက အဲဒီဗက်တီးရီးယားတွေမှာ အတူတူရှိနေတဲ့ အားနည်းချက်တစ်မျိုးကို တွေ့ရပြီးတော့ ဗက်တီးရီးယားနှစ်မျိုးလုံးကို ပစ်မှတ်ထားတားဆီးနိုင်စွမ်းရှိလာနိုင် တာပါပဲ”ဟု ဆိုသည်။
Ref: scitechdaily


