ရန်ကုန် ဇွန် ၁၅
အလုပ်သမားဝန်ကြီးဌာန အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင်ရုံးမှ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေးဆွေးနွေးခြင်းကို ဇွန် ၁၂ ရက် နံနက်ပိုင်းက ရွှေပြည်သာစက်မှု ဇုန်(၃)ရှိ အာရှသမာဓိ အထည်ချုပ်စက်ရုံနှင့် Sky Legend Garment Co.,Ltd. အထည်ချုပ် စက်ရုံတို့တွင် ကျင်းပသည်။
ဆွေးနွေးပွဲတွင် အင်းစိန်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်မမလေးနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးအရာရှိ ဒေါ်သိမ့်သိမ့်စိုးတို့ က ကလေးအလုပ်သမား၏ အဓိပ္ပာယ်၊ ကလေးအလုပ်သမား ဖြစ်ပေါ်သည့် အကြောင်းရင်း၊ ကလေးအလုပ်သမားများအတွက် ကာကွယ်ပေးထားသည့် ရပိုင်ခွင့်များနှင့် ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးအတွက် နိုင်ငံတော်က ဆောင်ရွက်နေမှု အခြေအနေများကို အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)


