နေပြည်တော် ၁၀ စက်တင်ဘာ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် စက်တင်ဘာ ၉ ရက်က ကျင်းပသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှဒေသဆိုင်ရာ ကော်မတီ၏ (၇၃)ကြိမ်မြောက် အစည်းအဝေး ပထမနေ့သို့ ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်သည်။
အစည်းအဝေးတွင် အလှည့်ကျသဘာပတိ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီး Mr. Arutin Chernvirakul နှင့် ဒုတိယသဘာပတိ နီပေါနိုင်ငံ ကျန်းမာရေးနှင့် လူဦးရေဆိုင်ရာဝန်ကြီး Mr. Bhanu Bhakta Dhakal တို့က အဖွင့်စကားပြောကြားခြင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mrs. Poonan Khetrapal Singh က ၂၀၁၉ ခုနှစ်အတွင်း အရှေ့တောင်အာရှဒေသအတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆောင်ရွက်ခဲ့သော လုပ်ဆောင်ချက်များဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားခြင်းနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် Dr. Tedros Adhanom က လက်ရှိကမ္ဘာ့နိုင်ငံများတွင် ကြုံတွေ့နေရသော ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှု အခြေအနေများနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နိုင်ငံများသို့ ဆက်လက်ပံ့ပိုးမည့် အစီအစဉ်များကို ဆွေးနွေးပြောကြားခြင်းများ ဆောင်ရွက်ကြသည်။
ထို့နောက် အရှေ့တောင်အာရှဒေသနိုင်ငံများ၏ ကျန်းမာရေးဝန်ကြီးများက အမှာစကားပြောကြားသည်။
ယင်းနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အရှေ့တောင်အာရှဒေသဆိုင်ရာရုံး၏ နှစ်ပတ်လည် အစီရင်ခံစာနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အစီရင်ခံစာတွင်ပါရှိသော မိမိတို့အားလုံးကြုံတွေ့ ခဲ့ရသည့် သင်ခန်းစာများ၊ ရင်ဆိုင်ခဲ့ရသည့် စိန်ခေါ်မှုများသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အရှေ့တောင်အာရှ ဒေသဆိုင်ရာရုံး၏ နောင်လာမည့် (၂)နှစ်တာ လုပ်ငန်းအစီအစဉ်ရေးဆွဲရာ၌ မဖြစ်မနေ ထည့်သွင်းစဉ်းစား သွားရမည်ဖြစ်ကြောင်း၊ အစီရင်ခံစာပါအချက်များကို အဖွဲ့ဝင်နိုင်ငံအားလုံးအနေဖြင့် သေချာစွာဖတ်ရှု လေ့လာသုံးသပ်ရန်နှင့် မိမိတို့နိုင်ငံများ၌ ပြည်သူ့ကျန်းမာရေးကဏ္ဍတွင် ထင်ရှားကြီးမားသော အကျိုး သက်ရောက်မှုရရှိစေရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ နည်းပညာပံ့ပိုးမှုများကို ရနိုင်သမျှအများဆုံးရရှိ၍ အကျိုးရှိထိရောက်စေရန် သင့်လျော်သလို စဉ်းစားဆောင်ရွက်ရန် တိုက်တွန်းလိုပါကြောင်း။
ထို့ပြင် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အကူအညီများ ပိုမို၍ အကျိုးရှိထိရောက်စေရန် အတွက် ဒေသဆိုင်ရာရုံးသို့ လက်တွေ့ကျပြီး ပြုလုပ်နိုင်မည့် အကြံဉာဏ်များပေးရန် တိုက်တွန်းလိုပါ ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ဒေသဆိုင်ရာရုံးအနေဖြင့် ပြီးခဲ့သည့် (၂)နှစ်တာ အစီရင်ခံစာ(၃)ခုကို သေချာစွာသုံးသပ်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လုပ်ငန်းများထိရောက်စွာ တိုးတက်ပြောင်းလဲရန် မည်သို့ ဆောင်ရွက်သင့်သည်ကိုလည်းကောင်း၊ အဖွဲ့ဝင်နိုင်ငံများသို့ ခွဲဝေချထားသည့် ရန်ပုံငွေကို ထိရောက် အကျိုးရှိစွာ သုံးစွဲနေခြင်း ရှိ/ မရှိကိုလည်းကောင်း၊ မိမိတို့အားလုံး ကျော်လွှားရန်လိုအပ်သည့် စိန်ခေါ်မှု များကိုလည်းကောင်း သုံးသပ်ကြရမည်ဖြစ်ကြောင်း။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ဒေသအဆင့် အဖွဲ့အစည်းများဖြစ်သည့် GAVI ၊ Global Fund ၊ UNFPA ၊ UNICEF ၊ UNAIDS နှင့် အခြားဖွံ့ဖြိုးမှု မိတ်ဘက်အဖွဲ့အစည်းများနှင့် မည်သို့အတူတကွ ပူးပေါင်းဆောင်ရွက် နေသည်၊ အဖွဲ့အစည်းတစ်ခုနှင့်တစ်ခု မည်သို့ချိတ်ဆက် ဖြည့်ဆည်းကူညီနေသည်ဆိုသည့် အချက်ကိုလည်း အလေးထားသုံးသပ်ရမည်ဖြစ်ပါကြောင်း၊ အဖွဲ့ဝင်နိုင်ငံများသို့ ပံ့ပိုးနေသည့် အကူအညီများသည် မလိုအပ်ဘဲ ထပ်နေခြင်းမျိုးမဖြစ်စေရန် ပြင်ပအကူအညီ အထေက်အပံ့များဆိုင်ရာ မူဘောင်ရေးဆွဲထားကြရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် နောင်လာမည့်နှစ်များအတွက် ရေးဆွဲဆောင်ရွက်မည့် (၂)နှစ်တာ လုပ်ငန်းအစီအစဉ် (work plan) တွင် ရန်ပုံငွေကို ခွဲဝေချထားရုံသက်သက်မဟုတ်ဘဲ နိုင်ငံတစ်ခုချင်း၏ တိကျသောလိုအပ်ချက် ပေါ်မူတည်၍ ကျစ်လျစ်ပြီးအကျိုးရှိသော၊ ဦးတည်ချက်ရှိသည့် အထောက်အပံ့မျိုးဖြစ်စေရန် ရေးဆွဲ ဆောင်ရွက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အကျိုးရှိထိရောက်သော ပံ့ပိုးမှုများဖြင့် မိမိတို့ဒေသတွင်း နိုင်ငံများတွင် ပြည်သူ့ကျန်းမာရေး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါအစည်းအဝေးသို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အရှေ့တောင်အာရှဒေသနိုင်ငံများ ဖြစ်သည့် ဘင်္ဂလားဒေရှ့်၊ ဘူတန်၊ မြောက်ကိုရီးယား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မော်ဒိုက်၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာ၊ ထိုင်း၊ အရှေ့တီမော နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ၊ အိန္ဒိယနှင့်ထိုင်းနိုင်ငံတို့ရှိ အဖွဲ့ဝင်နိုင်ငံ များ၏ သံရုံးများမှသံအမတ်ကြီးများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်၊ အရှေ့တောင်အာရှ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးနှင့်အဖွဲ့၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေး ဒုတိယနေ့တွင် ကိုဗစ်-၁၉ ကြောင့် အနာဂတ်ကာလတွင် ပုံမှန်အဖြစ် ပြောင်းလဲနေထိုင် သွားရမည့် ပုံစံအသစ်နှင့်စပ်လျဉ်း၍ အရှေ့တောင်အာရှဒေသနိုင်ငံများ၏ အတွေ့အကြုံများ၊ သင်ခန်းစာများ နှင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် မရှိမဖြစ် ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ပြည်သူ့ကျန်းမာရေး စီမံကိန်းများကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားရေး" ဟူသော ခေါင်းစဉ်များဖြင့် ကျန်းမာရေးဝန်ကြီးများ စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က မြန်မာနိုင်ငံ၏ အတွေ့အကြုံများကို ဆွေးနွေးပြောကြားသည်။
ထို့နောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် Dr. Tedros Adhanom နှင့် အရှေ့တောင်အာရှ ဒေသဆိုင်ရာ၊ ညွှန်ကြားရေးမှူး Mrs. Poonan Khetrapal Singh တို့က ကိုဗစ်-၁၉ ကပ်ရောဂါ တုံ့ပြန် ရင်ဆိုင်ရေးတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဒေသတွင်းနိုင်ငံများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။
ယင်းနောက် အရှေ့တောင်အာရှဒေသ အဖွဲ့ဝင်နိုင်ငံများ၏ ကိုဗစ်-၁၉ ကို စုပေါင်းရင် ဆိုင် တုံ့ပြန်ခြင်းဆိုင်ရာ ကျန်းမာရေးဝန်ကြီးများ ကြေညာချက် (Ministerial Declaration) ကို အလှည့်ကျသဘာပတိ ထိုင်းနိုင်ငံက ကြေညာရာ အဖွဲ့ဝင်နိုင်ငံ (၁၁)နိုင်ငံလုံး၏ ကျန်းမာရေးဝန်ကြီးများက ကြေညာချက်ကို အတည်ပြုခဲ့ ကြသည်။
ထို့နောက် အရှေ့တောင်အာရှဒေသအတွင်း ပြည်သူ့ကျန်းမာရေးဆိုင်ရာ ထူးချွန်ပြောင်မြောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့မှုများအတွက် အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းချီးမြှင့်ပေးအပ်ပွဲကို ကျင်းပခဲ့ရာ မြန်မာနိုင်ငံ တွင် မျက်ခမ်းစပ်ရောဂါအား ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ်မှ ကင်းဝေးအောင် ဆောင်ရွက်နိုင်ခဲ့သည့် အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အရှေ့တောင်အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mrs. Poonan Khetrapal Singh က မြန်မာနိုင်ငံတွင် မျက်ခမ်းစပ်ရောဂါကင်းဝေးကြောင်း အသိအမှတ်ပြုဂုဏ်ပြု မှတ်တမ်းလွှာကို ပေးအပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ခံရယူသည်။
ယင်းနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်၊ အရှေ့တောင်အာရှဒေသ ညွှန်ကြားရေးမှုးချုပ်၊ အရှေ့တောင်အာရှဒေသ ညွှန်ကြားရေးမှူး၊ အစည်းအဝေး သဘာပတိထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီးတို့က နိဂုံးချုပ်စကားများ ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


