နေပြည်တော် နိုဝင်ဘာ ၁၇

 

မလေးရှားနိုင်ငံအခြေစိုက် International Strategy Institute (ISI) က ကြီးမှူး၍ “Towards a Corrupt-Free Future: Strengthening Global Governance Together” ခေါင်းစဉ်ဖြင့် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၌ နိုဝင်ဘာ ၁၆ ရက်တွင် ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးညီလာခံ (World Anti-Corruption Conference_WACC)သို့ မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း တက်ရောက်၍ Panellist အဖြစ် ပါဝင်ဆွေးနွေးခဲ့သည်။

 

အသိပညာပေးရေးတိုးမြှင့်ဆောင်ရွက်ခြင်း၊ အတွေ့အကြုံနှင့် ဗဟုသုတများမျှဝေ ဆောင်ရွက်ခြင်း၊ ပေါ်လစီမူဘောင် ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေးဆောင်ရွက်ခြင်း၊ ကွန်ရက်ချိတ်ဆက် ဆောင်ရွက်ခြင်းနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းတို့အတွက် ရည်ရွယ်ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးညီလာခံတွင် “LAW ENFORCEMENT ON PREVENTION AND PERSECUTION” ၊ “STRENGTHENING GLOBAL GOVERNANCE MECHANISMS” ၊ “PREVENTING THE MISUSE OF LAWS TO EVADE ACCOUNTABILITY”  နှင့် “COMBATING GOVERNMENT CORRUPTION: ENSURING ACCOUNTABILITY FOR CLEAN GOVERNANCE” ဟူ၍ ကဏ္ဍ(၄)ခုကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

 

“LAW ENFORCEMENT ON PREVENTION AND PERSECUTION” ကဏ္ဍတွင် ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း နှင့်အတူ ဘရူနိုင်းနိုင်ငံ ၊ Anti-Corruption Bureau (ACB) မှ Mohammad Sukri HJ Ariffin နှင့် ကိုရီးယားနိုင်ငံ ၊ Anti-corruption & Civil Rights Commission (ACRC) မှ Ms Huiri Kim တို့မှ Panellist များအဖြစ် ပါဝင်ဆွေးနွေးကြရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက်
တရားဥပဒေစိုးမိုးရေးအေဂျင်စီများ ခိုင်မာအားကောင်းစေရေး၊ ကြိုတင်တားဆီးကာကွယ်ရေး အစီအမံများ အားကောင်းလာစေရန် ကြိုးပမ်းအားထုတ်မှုများနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊
အများပြည်သူ အကျိုးထုတ်ဖော် သတင်းပေးသူ အကာအကွယ်ပေးရေး၊ နိုင်ငံရေးရာထူးလက်ရှိ ဖြစ်သူများ၏ တရားမဝင် ကြွယ်ဝ ချမ်းသာမှုများကို ကိုင်တွယ်ဖြေရှင်းရန် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ မဟာဗျူဟာချမှတ် ဆောင်ရွက်ခြင်းဖြင့် အဂတိ လိုက်စားမှုတိုက်ဖျက်ရာတွင် ကျယ်ကျယ်ပြန့်ပြန့် ညှိနှိုင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များနှင့် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု/တာဝန်ခံမှုနှင့် ကျင့်ဝတ်ဆိုင်ရာအပြုအမူများကို ကမ္ဘာတစ်ဝှမ်းလုံးရှိ အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍများတွင် မြှင့်တင်ဆောင်ရွက်ရမည့်ကိစ္စရပ်များကို အဓိကထားဆွေးနွေးခဲ့ကြသည်။

 

မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် တားဆီး ကာကွယ်ရေးလုပ်ငန်းများအား မဟာဗျူဟာများ ချမှတ်၍လည်းကောင်း၊ နှစ်စဉ်လုပ်ငန်း အစီအစဉ်ချမှတ်၍ လည်းကောင်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ နှစ်ပတ်လည် အစီရင်ခံစာများပြုစု၍ ပွင့်လင်းမြင်သာမှုရှိစွာ အများပြည်သူသို့ အစီရင်ခံတင်ပြမှု၊ အာဆီယံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ ASEAN-PAC အပါအဝင် ဒေသတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ အဖွဲ့ဝင် နိုင်ငံအချို့နှင့် နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးဆောင်ရွက်နေမှု၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းရပ်များနှင့် အဂတိလိုက်စားမှုကျူးလွန်ရာမှ ရရှိလာသည့် ငွေကြေးနှင့်ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း အရေးယူမှုများနှင့် စပ်လျဉ်း၍ ထည့်သွင်းရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)