နေပြည်တော် အောက်တိုဘာ ၂၄
အောက်တိုဘာ ၂၃ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမတွင် ကျင်းပခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှု ရက်သတ္တပတ် (Global Media and Information Literacy Week 2023) လှုပ်ရှားမှု အဖြစ် နေပြည်တော် တပ်ကုန်း မြို့နယ်(ရွှေမြို့) အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းမှ ကြီးကြပ်သူဆရာ၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၅၅ ဦး တို့သည် ယနေ့နံနက်ပိုင်းက နေပြည်တော်(တပ်ကုန်း)ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား တွင် လာရောက်ကြည့်ရှုလေ့လာကြသည်။
ရှေးဦးစွာ ပင်မအဆောက်အဦရှိ Auditorium ခန်းမတွင် လေ့လာရေးအဖွဲ့များအား MRTV မှ ဝန်ထမ်းများက ခေတ်ပေါ်တေးဂီတအဖွဲ့နှင့်အတူ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက် ကြသည်။ ဆက်လက်၍ လေ့လာရေးအဖွဲ့သည် MRTV News Channel Studio တွင် သတင်းရိုက်ကူးနေမှုများ ကို ကြည့်ရှုလေ့လာကြပြီး မေးမြန်းမှုများအပေါ် တာဝန်ရှိသူများက ရှင်းလင်းဖြေကြားကြသည်။
ထို့နောက် လေ့လာရေးအဖွဲ့သည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စိန်ရတုပြတိုက်တွင် ခေတ်အဆက်ဆက် ရုပ်သံထုတ်လွှင့်ရာ၌ အသုံးပြုခဲ့သည့် စက်ပစ္စည်းများ၊ တိုက်ရိုက်ထုတ်လွှင့်ရေး မော်တော်ယာဉ်များ၊ သတင်းတင်ဆက်မှု ပုံစံငယ်များ၊ ခေတ်အဆက်ဆက် ထုတ်လွှင့်တင်ဆက်ခဲ့သည့် အစီ အစဉ်များတွင် ပါဝင်ဆောင်ရွက်ခဲ့သူများ၏ မှတ်တမ်းဓာတ်ပုံများ၊ တူရိယာပစ္စည်းများ၊ သတင်း စတူဒီယိုခန်းများ၊ ရေဒီယိုအစီအစဉ်တွင် အသုံးပြုခဲ့သည့် ခေတ်ဟောင်း ဓာတ်ပြားများနှင့် အခြား အသုံးအဆောင်ပစ္စည်းများ စသည့် စုစုပေါင်းပြခန်း ၄၀ တွင် ခင်းကျင်းပြသထားရှိမှုများအား ကြည့်ရှုလေ့လာကြပြီး မေးမြန်းမှုများအပေါ် တာဝန်ရှိသူများက ရှင်းလင်းဖြေကြားခြင်း၊ မှတ်သား ဖွယ်ရာ အဖြေလွှာများ၌ ဖြည့်စွက်မှုများအပေါ် စိစစ်၍ ဆုချီးမြှင့်ခြင်းများ ဆောင်ရွက်ကြသည်။
ယင်းနောက် လေ့လာရေးအဖွဲ့သည် ဇေယျာသီရိမြို့နယ် ခရေပင်လမ်းခွဲရှိ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းကို လာရောက်လေ့လာကြရာ သတင်းစာများ၏ သမိုင်းကြောင်းနှင့် သတင်းစာ ထုတ်လုပ်ဖြန့်ချိဆောင်ရွက်မှုများကို တာဝန်ရှိသူများက ရှင်းလင်းပြောကြားကြပြီး သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၏ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ဗီဒီယိုမှတ်တမ်းကို ပြသသည်။
ဆက်လက်၍ လေ့လာရေး အဖွဲ့သည် သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းမှ မြန်မာ့အလင်းသတင်းစာ၊ ကြေးမုံသတင်းစာ နှင့် The Global New Light of Myanmar သတင်းစာတို့ နေ့စဉ် ရိုက်နှိပ် ထုတ်ဝေလျက်ရှိသော ပုံနှိပ်စက်ခန်းနှင့် ကြေးမုံသတင်းစာတိုက် သတင်းခန်းတို့တွင် ကြည့်ရှု လေ့လာကြသည်။
ထို့နောက် လေ့လာရေးအဖွဲ့သည် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာန နေပြည်တော်ပုံနှိပ်စက်ရုံကို လာရောက်ကြည့်ရှုလေ့လာ ကြရာ စက်ရုံ၏ သမိုင်းအကျဉ်းနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ ရိုက်နှိပ် ထုတ်ဝေမှု အခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ပြီး စက်ရုံအတွင်း လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို လိုက်လံကြည့်ရှုလေ့လာကြသည်။
ကမ္ဘာလုံးဆိုင်ရာ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှု ရက်သတ္တပတ်အဖြစ် နှစ်စဉ် အောက်တိုဘာလ၏ စတုတ္ထပတ်ကို UNESCO (ယူနက်စကို)က ဦးဆောင်သတ်မှတ်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှ စတင်၍ ကမ္ဘာတစ်ဝန်းတွင် ကျင်းပခဲ့ကြရာ မြန်မာနိုင်ငံအနေဖြင့်လည်း ၂၀၁၈ ခုနှစ်မှစ၍ ပါဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
သတင်းစဉ်