ရန်ကုန် ၅ ဇွန် 

 


“သန့်ရှင်းသောလေ ရှုရှိုက်ဖို့ လေထုညစ်ညမ်းမှု တိုက်ဖျက်စို့” “Beat Air Pollution” ဆောင်ပုဒ်ဖြင့် ၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပသည်။

 


အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယနေ့အခမ်းအနား၏ ဆောင်ပုဒ်မှာ “သန့်ရှင်းသောလေ ရှုရှိုက်ဖို့ လေထုညစ်ညမ်းမှု တိုက်ဖျက်စို့” ဖြစ်ပါကြောင်း၊ မိမိတို့သည် ပတ်ဝန်းကျင်ကို ဝိုင်းဝန်းစောင့်ရှောက်ကြရမည့် အခြေအနေဖြစ်ပါကြောင်း၊ လေထုညစ်ညမ်းမှု ထိန်းသိမ်းစောင့်ရှောက်ရန် သဘာဝကိုထိန်းသိမ်းရန်၊ ဒီရေရောက်တောများကို စနစ်တကျ ပြန်လည်ထိန်းသိမ်းရန် တိုင်းဒေသကြီးအတွင်းရှိ သစ်တောများကို ပြန်လည်ထိန်းသိမ်းရန်၊ ရန်ကုန်မြို့တွင်း၌ သစ်ပင်ပန်းမန်များနှင့် စိမ်းလန်းလာစေရေး ဆောင်ရွက်ရန်နှင့် ရေအရင်းအမြစ်များကို ထိန်းသိမ်းနိုင်ရန် စနစ်တကျဆောင်ရွက်မှသာ ရာသီဥတုကို ထိန်းသိမ်းနိုင်မည် ဖြစ်ပါကြောင်း ပြာကြားသည်။ 

 


ထို့နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာအား ကုသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ ဒုတိယဌာနေကိုယ်စားလှယ် Ms. Dawn Del Rio က ဖတ်ကြားသည်။

 


ထို့နောင် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဓာတ်ပုံ၊ ဆောင်းပါးနှင့် စာစီစာကုံးပြိုင်ပွဲ ဆုရရှိကြသူများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟန်ထွန်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစိုးလွင်နှင့် (UNDP)၏ ဒုတိယ ဌာနေကိုယ်စားလှယ် Ms. Dawn Del Rio တို့က ဆုများ ချီးမြှင့်ပေးကြသည်။  

 


ယနေ့အခမ်းအနားတွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ပိုစတာများနှင့် ဌာနအလိုက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်နေမှုများကို ပြသထားသည့်အပြင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနက မဟော်ဂနီ၊ ကံ့ကော်၊ မယ်ဇယ်၊ အော်ရေးရှား၊ ငုဝါ၊ ခရေ၊ စိန်ပန်း ပျိုးပင်ပေါက် ၁၂၀ဝ ကို တက်ရောက်သူများအား ဝေငှပေးခဲ့သည်။ 

 


သန့်စင်ဝင်း