ပဲခူး ဇန်နဝါရီ ၈
ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင် နယ်မြေဖြစ်သည့် သရေခေတ္တရာ ပျူမြို့ဟောင်း အပျော်တမ်း စက်ဘီးစီးပွဲတော် ကျင်းပမည်ဖြစ်၍ ပြိုင်ပွဲအတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားကြ ရမည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ ကျန်းမာကြံ့ခိုင်ရေးကို ဦးတည်၍ အဆိုပါ အပျော်တမ်းစက်ဘီးစီးပွဲတော်ကို ကျင်းပရန် စီစဉ်ရခြင်းဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက သရေခေတ္တရာ ပျူမြို့ဟောင်း အပျော်တမ်းစက်ဘီးစီးပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး တွင် ဝန်ကြီးချုပ်က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဆိုပါပြိုင်ပွဲသည် ခရီးမိုင် ၁၀ မိုင်ခန့် စက်ဘီးစီးရမည်ဖြစ်၍ ခရီးစဉ်တစ်လျှောက် သတ်မှတ်နေရာများ စနစ်တကျထားရှိသွားရန် လိုကြောင်း၊ ဖွဲ့စည်းပေးထားသည့် ကော်မတီများအလိုက် ဆောင်ရွက်မည့်အစီအမံများကို တင်ပြပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက သရေခေတ္တရာ ပျူမြို့ဟောင်း အပျော်တမ်း စက်ဘီးစီးပြိုင်ပွဲ ကျင်းပပြုလုပ်ရန် စီစဉ်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးများက ဖြည့်စွက်အကြံပြုကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားသည်။
သရေခေတ္တရာပျူမြို့ဟောင်း အပျော်တမ်းစက်ဘီးစီးပြိုင်ပွဲကို ဇန်နဝါရီ နောက်ဆုံးပတ်တွင် ပြုလုပ်ရန် စီစဉ်ထားပြီး ပဲခူး၊ တောင်ငူ၊ ပြည်နှင့် သာယာဝတီခရိုင်များရှိ အပျော်တမ်းစက်ဘီးစီးသမားများ ပါဝင်ယှဉ်ပြိုင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
သတင်းစဉ်