နေပြည်တော်   ဇန်နဝါရီ   ၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက် အာခါ မိုဟာ ဆီနာ ပါတိုင်း တဲ့ချို ဟွန်ဆင် သည် အလုပ်သဘောခရီးစဉ်အဖြစ် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိသည်။

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်အား သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဟန်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီယားနိုင်ငံသံအမတ်ကြီး H.E. Mr. CHHOUK Bunna တို့က အထူးလေယာဉ် ပေါ်၌ ခရီးဦးကြိုဆို နှုတ်ဆက်ကြသည်။

ထို့နောက် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ကမ္ဘောဒီယားနိုင်ငံဝန်ကြီးချုပ်နှင့်အဖွဲ့အား နေပြည်တော်လေဆိပ်၌ ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ မြန်မာ တိုင်းရင်းသား တိုင်းရင်းသူများနှင့် ယဉ်ကျေးမှုအဖွဲ့တို့က ဂုဏ်ပြုကြိုဆိုကြသည်။

ယင်းနောက် ကမ္ဘောဒီးယားနိုင်ငံမှလှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ပစ္စည်းများအား ကမ္ဘောဒီးယားဝန်ကြီးချုပ်က လွှဲပြောင်းပေးအပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က လက်ခံရယူခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ကမ္ဘောဒီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာကာကွယ်ရေးပစ္စည်းများမှာ Face Mask ၃ သန်း၊ N- 95 Mask ၂ သိန်း၊ Goggle တစ်သိန်း၊ PPE ဝတ်စုံ ၃ သောင်း၊ Face Shield ၃ သောင်း၊ Safety Plastic Boots PR ၃ ထောင်၊ Ventilator Machine Unit ၅၀၊  Patient Monitor + Accessories Unit ၅၀၊ Oxygen Concentrator Unit ၅၀ တို့အား ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

MDN