နေပြည်တော် ဇန်နဝါရီ ၈
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ အလုပ်သဘောခရီးစဉ်အဖြစ် ရောက်ရှိနေသည့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN သည် ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာသွားသည်။
ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ကမ္ဘောဒီးယား နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီယားနိုင်ငံ သံအမတ်ကြီး H.E. Mr. CHHOUK Bunna နှင့် တာဝန်ရှိသူများက ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်သည် မြန်မာနိုင်ငံသို့လာရောက်သည့် အလုပ်သဘော ခရီးစဉ်အတွင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခြင်းနှင့် နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်ခြင်းများ ပြုလုပ်ခဲ့ပြီး တွေ့ဆုံပွဲများတွင် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်


