နေပြည်တော် ဇန်နဝါရီ ၈
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ အလုပ်သဘောခရီးစဉ် ရောက်ရှိနေသည့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN သည် ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ထုဆစ်ခြင်းနှင့် တည်ထားကိုးကွယ်ရန် ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု လေ့လာသည်။
ဦးစွာ ကမ္ဘောဒီးယားဝန်ကြီးချုပ်အား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးညိုစော၊ ဒုတိယဗိုလ်ချုပ်ကြီးကံမြင့်သန်းနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် ကမ္ဘောဒီးယားဝန်ကြီးချုပ်သည် ရှင်းလင်းဆောင်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်သည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးကံမြင့်သန်းက မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရခြင်း၏ရည်ရွယ်ချက်၊ စကျင်ကျောက်တော်ကြီးအား အဆင့်ဆင့်တူးဖော်ခြင်းနှင့် အပိုင်းလိုက် သယ်ယူနိုင်ရေးဆောင်ရွက်ခဲ့မှု၊ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရန်အတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော် ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူ၍ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု၊ မာရဝိဇယရုပ်ပွားတော်မြတ်ကြီး တည်ထား ကိုးကွယ်မည့် ဗုဒ္ဓဥယျာဉ်တော်အတွင်း ပိဋကတ်သုံးပုံ ပါဠိတော် အဋ္ဌကထာ ဋီကာကျမ်းစာများကို စကျင် ကျောက်တော်များ၌ ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ရေးထိုး ပူဇော်မည့် အခြေအနေများနှင့် ဂန္ဓကုဋိတိုက်များ၊ ဓမ္မာရုံများ၊ မော်ကွန်းတိုက်များ၊ သုဓမ္မာဇရပ်၊ မုစလိန္ဒအိုင်၊ မင်္ဂလာတံတားနှင့် ရေပန်းများကို ရတနာပုံခေတ် လက်ရာများ အတိုင်းထည့်သွင်း တည်ဆောက်၍ မြန်မာ့အနုပညာ လက်ရာ စုံလင်စွာဖြင့် ဗိသုကာလက်ရာမြောက်အောင် ထည့်သွင်းတည်ဆောက်သွား မည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် မာရဝိဇယကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မည့် ပုံစံအတိုင်း ပြုလုပ်ပုံဖော်ထားသည့် ဥယျာဉ်တော် အကွက်ချ ပုံစံငယ်များ၊ ရုပ်ပွားတော်ကြီး ပုံစံငယ်များ၊ ပိဋကတ်ကျောက်စာရုံနှင့် ကျောက်စာနမူနာများ၊ ရုပ်ပွားတော်မြတ်ကြီး၏ ပလ္လင်တော်များ နေရာချထားမှုနှင့် CNC Machine များဖြင့် ထုဆစ်နေမှုများကို မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်