ရန်ကုန် ၃၀ သြဂုတ်
ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာန ကြီးမှူး၍ ကမ္ဘောဇဘဏ် နှင့် စင်ကာပူနိုင်ငံအခြေစိုက် ပရဟိတအဖွဲ့အစည်းတစ်ခုဖြစ်သည့် Smile Asia တို့ပူးပေါင်း၍ မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး နှင့် ပြည်နယ် အသီးသီးမှ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင် ကလေးငယ်များအား အခမဲ့ ခွဲစိတ်ကုသရေးအစီအစဉ်အား သြဂုတ် ၂၅ ရက်ကစ၍ ရန်ကုန်မြို့ မရမ်းကုန်း မြို့နယ် ကျိုက်ဝိုင်းဘုရားလမ်း ရှစ်မိုင် လမ်းဆုံအနီး ပေါက်စေတီ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း စုရပ်လုပ်၍ ပမာဏ စစ်ဆေးမှု ပြုလုပ်လျက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး မျက်နှာ နှင့်မေးရိုးဌာနသို့ မော်တော်ယာဉ်ဖြင့် ပို့ဆောင်ကုသပေးလျက်ရှိကြောင်း သိရသည်။
ယခုခွဲစိတ်ကုသခြင်းသည် (၇)ကြိမ်မြောက် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၆ ကြိမ်မြောက်အထိ မြန်မာနိုင်ငံ တစ်ဝန်းမှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဝေသနာရှင်ပေါင်း ၅၁၀ ကို ရာနှုန်းပြည့် အောင်မြင်စွာ ခွဲစိတ် ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။
သတ္တမအကြိမ် ခွဲစိတ်ကုသရေး အစီအစဉ်ကို ၂၀၁၉ သြဂုတ် ၂၅ ရက် မှ ၃၁ ရက်ထိ ပြုလုပ်သွားမည်ဖြစ်ပြီး Smile Asia ဆေးဘက်ဆိုင်ရာ အဖွဲ့ဝင်များ ကဝေဒနာရှင်ကလေး( ၁၄၇)ဦးအတွက် လိုအပ်သော စမ်းသပ်စစ်ဆေးမှုများကို မရမ်းကုန်းမြို့နယ်(၈)မိုင်လမ်းဆုံအနီး ပေါက်စေတီကျောင်းတိုက်၌ ဆရာတော်ကြီး၏ ခွင့်ပြုချက်ဖြင့် ပြုလုပ်ပေးခြင်းဖြစ်ပြီး ခွဲစိတ်ကုသမှု ခံယူရန် အခြေအနေကောင်းမွန်သော ကလေးငယ်များအား ခွဲစိတ်မှုများ ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး မျက်နှာနှင့်မေးရိုးဌာနတွင် ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ခွဲစိတ်ကုသမှုခံယူမည့် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဝေဒနာရှင် ကလေးငယ်များသည် ချင်းပြည်နယ် တီးတိန်မြို့၊ ကချင်ပြည်နယ် တနိုင်းမြို့၊ ရခိုင်ပြည်နယ် မင်းပြားမြို့ နှင့် ကယားပြည်နယ် ဒီမော့ဆိုမြို့ စသည့်စသည့် မြို့များမှ လာရောက်၍ အခမဲ့ ကုသမှု ခံယူကြခြင်းဖြစ်ကြောင်း သိရသည်။
Smile Asia ဆေးဘက်ဆိုင်ရာအဖွဲ့တွင် ခွဲစိတ်ကုသရေးအစီအစဉ်များ ပြုလုပ်နိုင်ရန် အဖွဲ့ပေါင်း (၃၈)ဦးဖြင့် ဖွဲ့စည်းထားပြီး အဆိုပါအဖွဲ့ဝင်များအတွင်း အမေရိကန်၊ ဂျပန်၊ စင်ကာပူ၊ တရုတ်၊ မြန်မာ ၊ ဖိလစ်ပိုင်နိုင်ငံနှင့် ဟောင်ကောင် တို့မှ ဆရာဝန်များ နှင့် စေတနာ့ဝန်ထမ်းများပါဝင်ကြောင်း သိရသည်။
Smile Asia ဆေးဘက်ဆိုင်ရာအဖွဲ့အားကူညီပေးနိုင်ရန် ကမ္ဘောဇဘဏ်အဖွဲ့သားများက လူနာစာရင်းများ ကောက်ယူခြင်းနှင့် ခွဲစိတ်ကုသမှုဆိုင်ရာ စီမံခန့်ခွဲမှုများအား တာဝန်ယူဆောင်ရွက်ပေးခဲ့ကြောင်း ယင်းအပြင် ကမ္ဘောဇဘဏ်မှ လူနာများခွဲစိတ်ကုသမှုခံယူနေစဉ် တစ်လျှောက်လုံး လူနာနှင့် မိသားစုအတွက် အသွားအပြန် စရိတ်ငြိမ်း အခမဲ့စီစဉ်ခြင်းတို့အား ကူညီပေးခဲ့ကြောင်း သိရသည်။
စေတနာ့ဝန်စာရင်းအင်းပြုစုဆောင်ရွက်ပေးနေသော တာဝန်ခံ ဦးကျော်ကျော်စိုး က "ကမ္ဘောဇဘဏ် နှင့် Smile Saia မှ မြန်မာနိုင်ငံတွင် ဆက်လက်ပြုလုပ်သွားမည့် အဋ္ဌမအကြိမ်မြောက် အခမဲ့ခွဲစိတ် အစီအစဉ် ရှိပါသေးတယ်။ ဒါကတော့ ၂၀၁၉ ဒီဇင်ဘာ ၉ ရက်ကနေ ဒီဇင်ဘာ ၁၆ ရက် အတွင်း နေပြည်တော်မှာရှိတဲ့ ခုတင် (၁၀ဝ၀)ဆံ့ ပြည်သူ့ဆေးရုံကြီးမှာ ပြုလုပ်သွားမယ်လို့ ဆရာသမားတွေ ကပြောထားပါတယ်။ အရင်ကပြုလုပ်ခဲ့တဲ့ အခမဲ့ ခွဲစိတ်ကုသရေး အစီအစဉ်များဟာ ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းသာ ပြုလုပ်ခဲ့တာပါ။ လာမယ့် အဋ္ဌမအကြိမ်မြောက် အခမဲ့ခွဲစိတ်ကုသရေး အစီအစဉ်ကိုတော့ ကမ္ဘောဇဘဏ် နှင့် Smile Asia တို့ က နေပြည်တော် မှာ ပထမဆုံးအကြိမ် ပြုလုပ်သွားမည့် အစီအစဉ် ဖြစ်ပါတယ်။ နေပြည်တော်နဲ့ ရပ်ဝေးရပ်နီး ကလေးမိဘတွေ သိစေချင်ပါတယ်။ ခုလိုကုသိုလ်ပြုခွင့်ရတာကိုပဲ ကျေးဇူးတင်နေတာပါ"ဟုပြောသည်။
သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)
ဓါတ်ပုံ-မျိုးကြီး


