ရန်ကုန် ၃၀ အောက်တိုဘာ
ကမ္ဘောဇဘဏ်သည် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ဖြစ်ပွားနေချိန်ကာလတွင် နိုင်ငံရှိ လတ်တလော ပိုးတွေလူနာအများဆုံး ပြည်သူ့ဆေးရုံကြီးများသို့ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် အလှူငွေများကို ဆက်လက်ပေးပို့ လှူဒါန်းလျက်ရှိရာ အောက်တိုဘာ ၂၆ ရက်က ရန်ကုန်တောင်ပိုင်းခရိုင် ဒလမြို့နယ် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး ခုတင် (၂၅) သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် အလှူငွေ ပေးအပ်လှူဒါန်းခဲ့သည်။
အခမ်းအနားတွင် ကမ္ဘောဇဘဏ် (ဒလမြို့နယ်ဘဏ်ခွဲ) တာဝန်ခံ ဦးသော်ဇေယျနှင့် ဝန်ထမ်းများက ပိုးတွေ့လူနာများနှင့် ၎င်းတို့အား ကျန်းမာရေးစောင့်ရှောက်မှု ပေးနေကြသည့် ဝန်ထမ်းများ အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ဆေးရုံသုံး Mask ၅၀၀၀၀၊ ခေါင်းစွပ် ၅၀၀၊ လက်အိတ် ၃၀၀၀၊ မျက်နှာအကာ Face Shield ၂၀၀၊ Hand Gel ဘူးကြီး ၂၀၀၊ တစ်ကိုယ်ရေသုံး PPE ဝတ်စုံ ၅၀၊ မျက်မှန် ၅၀ နှင့် ဆေးရုံကြီးအတွက် ကိုဗစ် -၁၉ ရောဂါဖြစ်ပွားနေချိန်ကာလ အထွေထွေအသုံးပြုနိုင်ရန် ငွေကျပ် ၁၀၀ သိန်းတို့ကို ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပေးအပ် လှူဒါန်းရာ ဒေါက်တာထွန်းဝင်းနှင့် ဆရာဝန်၊ သူနာပြုများက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ကမ္ဘောဇဘဏ်သည် ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားခင် ဖေဖေါ်ဝါရီ ၂၆ ရက်မှစတင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငွေကျပ် ၇၈,၅၀၄ သိန်း လှူဒါန်း ထားကြောင်းသိရသည်။
ကိုကျော်


