mdn

ကျောက်ဆည် ၂၂ အောက်တိုဘာ

           

ကမ္ဘောဇဘဏ်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများကို   ဆက်လက် ပေးပို့လှူဒါန်းလျက်ရှိရာ အောက်တိုဘာ ၂၀ ရက်တွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှူဒါန်းသည်။

 

လှူဒါန်းပွဲတွင်  ကမ္ဘောဇဘဏ် (ကျောက်ဆည်မြို့ဘဏ်ခွဲ) တာဝန်ခံ ဦးအောင်ကိုကိုနှင့် ဝန်ထမ်းများက  ပိုးတွေ့လူနာများနှင့် ၎င်းတို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြသည့် ဝန်ထမ်းများအတွက်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများဖြစ်သည့် ဆေးရုံသုံး Mask ၅၀၀၀၀၊ ခေါင်းစွပ် ၁၀၀၀၊ လက်အိတ် ၁၀၀၀၀၊ မျက်နှာအကာ Face Shield ၅၀၀၊ Hand Gel ဘူးကြီး ၅၀၀၊ PPE ဝတ်စုံ ၁၀၀ နှင့် ဆေးရုံကြီးအတွက် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေချိန်ကာလ အထွေထွေအသုံးပြုနိုင်ရန် ငွေကျပ် ၁၀၀ သိန်းတို့ကို ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးဝင်းမော်နှင့် ဆရာဝန်၊ သူနာပြုများက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

 

ကမ္ဘောဇဘဏ်သည် ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားခင် ဖေဖေါ်ဝါရီ ၂၆ ရက်မှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငွေကျပ် ၇၇,၈၈၆ သိန်း လှူဒါန်းထားရှိကြောင်း သိရသည်။

 

ကိုကျော်