mdn

နတ်မောက် ၂၁ အောက်တိုဘာ 

 

ကမ္ဘောဇဘဏ်သည် မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး ခုတင်(၅၀)သို့ အောက်တိုဘာ ၂၀ ရက် ညနေပိုင်းတွင် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများ ဆက်လက်ပေးပို့လှူဒါန်းခဲ့သည်။

 

လှူဒါန်းပွဲတွင်  ကမ္ဘောဇဘဏ် (နတ်မောက်ဘဏ်ခွဲ) တာဝန်ခံ ဒေါ်မေသင်္ကြန်နှင့် ဝန်ထမ်းများက  ပိုးတွေ့လူနာများနှင့် ၎င်းတို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြသည့် ဝန်ထမ်းများအတွက်  ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ရေးအထောက်အကူပြု  ဆေးရုံသုံး Mask ၂၀၀၀၀၊ ခေါင်းစွပ် ၅၀၀၊ လက်အိတ် ၃၀၀၀၊ မျက်နှာအကာ Face Shield  ၂၀၀၊ Hand Gel ဘူးကြီး  ၂၀၀၊ PPEဝတ်စုံ ၃၀၊ မျက်မှန် ၃၀ နှင့် ဆေးရုံကြီးအတွက် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေချိန်ကာလ အထွေထွေအသုံးပြုနိုင်ရန် ငွေကျပ်သိန်း ၅၀ တို့ကို နတ်မောက်မြို့ ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းစည်သူနှင့် ဆရာဝန်၊ သူနာပြုများက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

 

ကမ္ဘောဇဘဏ်သည် ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားခင် ဖေဖော်ဝါရီ ၂၆ ရက်မှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငွေကျပ် ၇၇,၇၈၆ သိန်း လှူဒါန်းထားကြောင်း သိရသည်။

 

ကိုကျော်